
အမေရိကန်လေကြောင်းလိုင်း လေယာဉ်တစီးဟာ ဝါရှင်တန်ဒီစီမှာ ရဟတ်ယာဉ်တစီးနဲ့ လေထဲမှာ တိုက်မိသွားတယ်လို့ ဖယ်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ (FAA) က ပြောပါတယ်။
ဒီလေယာဉ်ပေါ်မှာ ခရီးသည် ၆၀ နဲ့ လေယာဉ်အမှုထမ်း ၄ ယောက် ပါလာပြီး အမေရိကန်စစ်တပ်ရဲ့ Black Hawk ရဟတ်ယာဉ်ပေါ်မှာတော့ အမေရိကန်စစ်တပ်က စစ်သား ၃ ယောက် လိုက်ပါလာပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဒီ “ဆိုးရွားတဲ့ မတော်တဆမှု” အကြောင်း သတင်းရရှိထားပြီး အရေးပေါ်တုံ့ပြန်ရေးတပ်ဖွဲ့တွေရဲ့ “အံ့မခန်းလုပ်ဆောင်မှု” ကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။
ဒေသစံတော်ချိန် ဇန်နဝါရီ ၂၉ ရက် ည ၉ နာရီလောက်မှာ ရေဂင်ဝါရှင်တန်အမျိုးသားလေဆိပ် လမ်းကြောင်း ၃၃ ကို ဆင်းသက်နေစဉ် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဝါရှင်တန်မှာရှိတဲ့ ကနေဒီစင်တာက ဝက်ဘ်ကင်မရာမှတ်တမ်းအရ ည ၈ နာရီ ၄၇ မိနစ်လောက်မှာ ပိုတိုမက်မြစ်ဘက်က လေထဲမှာ ပေါက်ကွဲမှုတခု ဖြစ်ပွားပြီး မီးလောင်နေတဲ့ လေယာဉ်တစီး အမြန်နှုန်းနဲ့ ပြုတ်ကျသွားတာကို တွေ့ရပါတယ်။
လေဆိပ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပိုတိုမက်မြစ်ထဲမှာ အဖွဲ့အစည်းပေါင်းစုံက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြား ရိုက်ကူးချက်တွေအရ ရေပြင်ထက်မှာ အပြာနဲ့ အနီရောင်မီးတွေ လင်းလက်နေတဲ့ လှေအများအပြားကို တွေ့ရပါတယ်။
Source : Reuters