DVB Logo
Home
မြန်မာသတင်း
နယ်စပ်ဒုက္ခသည်များ အမေရိကန် အကူအညီ ဖြတ်တောက်မခံရရန် NUG ကြိုးစားမည်
DVB
·
January 29, 2025
နယ်စပ်ဒုက္ခသည်များ အမေရိကန် အကူအညီ ဖြတ်တောက်မခံရရန် NUG ကြိုးစားမည်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အစိုးရရဲ့  နိုင်ငံတကာအကူအညီတွေ ရက်ပေါင်း ၉၀ ကြာ ရပ်ဆိုင်းဖို့ အမိန့်ကြောင့် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ အကူအညီ ဖြတ်တောက်မခံရဖို့ ကြိုးစားသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေ အခက်အခဲတွေ ကြုံနေရတဲ့ အခြေအနေအတွက် အမေရိကန်အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာ ပြန်စိစစ်ရေးကာလအပြီးမှာ ပြန်လည်သုံးသပ်နိုင်အောင် ကြိုးစားမှာဖြစ်တယ်လို့ ဇန်နဝါရီ ၂၉ ရက် ဒီကနေ့မှာပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ဒေါ်ဇင်မာအောင်က “ဆိုင်းငံ့ပြီး ပြန်လည်သုံးသပ်နေတဲ့ ကာလမှာ မြန်မာပြည်အရေးနဲ့ ပတ်သက်တဲ့ ကူညီထောက်ပံ့မှုတွေက အမေရိကန်ပြည်ထောင်စုအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ priority (ဦးစားပေး) ဖြစ်တယ်ဆိုတာကိုတော့ ဆက်သွယ်ပြီး ပြောကြားသွားဖို့ ရှိပါတယ်။ မူဝါဒပိုင်းဆိုင်ရာ ပြန်ပြီးတော့ သုံးသပ်တာမျိုးတွေ လုပ်နေတဲ့ အချိန်မှာတော့ မြန်မာနိုင်ငံ တနိုင်ငံတည်းတင် မဟုတ်ဘူးပေ့ါနော်၊ အိမ်နီးနားချင်းနိုင်ငံတွေ တနိုင်ငံမှ မနေရတဲ့ အနေအထားမျိုးဖြစ်တယ်။ ဆိုင်းငံ့ကာလမှာတော့ အခက်အခဲတွေ နယ်စပ်ဒေသက ဒုက္ခသည်စခန်းတွေအထိ ရောက်လာတဲ့ အနေအထားမျိုးတွေပေါ့နော်။ ဆိုင်းငံ့ပြီး‌တော့မှ ဖြတ်တောက်လာတာမျိုး မဖြစ်ရအောင် ဆောင်ရွက်သွားဖို့ရှိပါတယ်” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) လက်အောက် လူသားချင်းစာနာ အကူအညီပေးရေး လုပ်ငန်းတွေကို ဇန်နဝါရီ ၂၅ ရက်က စပြီး ရုတ်တရက် ရပ်နားလိုက်ရတာပါ။

ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ နိုင်ငံတွင်း မတည်ငြိမ်မှုတွေကြောင့် ရွှေ့ပြောင်းခဲ့ရသူတွေ သိန်းနဲ့ချီ နေထိုင်တဲ့ ဒုက္ခသည်စခန်း ၉ ခုရှိပြီး စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် USAID ရဲ့ ရန်ပုံငွေကို အဓိက အားထားနေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အကူအညီတွေ ရပ်ဆိုင်းလိုက်တာကြောင့် နို့ဖိုးဒုက္ခသည်စခန်း၊ အုန်းဖြန် ဒုက္ခသည်စခန်းတွေမှာတော့ ဇန်နဝါရီ ၂၇ ရက်ကစလို့ အမေရိကန်ရဲ့ ဒုက္ခသည်များ ကျန်းမာရေးအကူအညီပေးရေးအဖွဲ့ (IRC) ရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ရပ်နားသွားပြီလို့ စခန်းတာဝန်ရှိသူတွေက‌ ပြောပါတယ်။

အမေရိကန်အစိုးရက အကူအညီတွေ ဆိုင်းငံ့ထားတဲ့ ကာလမှာလည်း သက်ဆိုင်ရာအစိုးရအဖွဲ့ ဝန်ကြီးဌာနတွေ အနေနဲ့ တခြားနေရာက အကူအညီ အထောက်အပံ့တွေ ရရှိဖို့ ကြိုးစားရှာဖွေနေတယ်လို့လည်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုသွားပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013