DVB Logo
Home
မြန်မာသတင်း
ကျားဖြန့်နှိမ်နင်းရေး တရုတ်အဆင့်မြင့်အရာရှိ ထိုင်း-မြန်မာနယ်စပ်ကို ရောက်လာ  (ဓာတ်ပုံ) 
DVB
·
January 29, 2025
ကျားဖြန့်နှိမ်နင်းရေး တရုတ်အဆင့်မြင့်အရာရှိ ထိုင်း-မြန်မာနယ်စပ်ကို ရောက်လာ  (ဓာတ်ပုံ) 
1 / 11
Donate to DVB

ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လည်ပတ်နေတဲ့ KK Park နဲ့ ရွှေကုက္ကိုလ်မြို့သစ်အနီး မြန်မာ-ထိုင်းနယ်စပ်ကို တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး လျူကျုံယိနဲ့ ထိုင်းတာဝန်ရှိသူတွေ ဇန်နဝါရီ ၂၉ ရက် ဒီနေ့မနက်က ရောက်လာပြီး ထိုင်းနိုင်ငံဘက်ခြမ်းကနေ ကြည့်ရှုလေ့လာသွားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်ရှိ အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားတွေ အပါအဝင် တခြားနိုင်ငံသားတွေ အများအပြား လူကုန်ကူးခံရ၊ အဓမ္မခိုင်းစေခံနေရတဲ့ သတင်းတွေ ထွက်လာပြီးနောက် တရုတ်အစိုးရ အဆင့်မြင့်အရာရှိ ကိုယ်တိုင် ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိလာတာပါ။

မြဝတီမြို့ရှိ ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် ထိုင်းရဲတပ်ဖွဲ့နဲ့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

တရုတ် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး လျူကျုံယိနဲ့အဖွဲ့ဟာ မနေ့ကလည်း ထိုင်းရဲတပ်ဖွဲ့ ဆိုက်ဘာရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဗျူရို (CCIB) ရဲ့ ဒုဗိုလ်ချုပ်ကြီး ထရိုင်ရွန်ဖိဝဖန်နဲ့ တွေ့ဆုံပြီး လူမှောင်ခိုမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေ အကြောင်း အချက်အလက်မျှဝေ ခဲ့ကြပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက သံသယရှိထားသူ အယောက် ၂၀ လောက်ဟာ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးလွတ်မြောက်နေတာကို ကူညီဖမ်းဆီးရေး အကူအညီပေးဖို့နဲ့ တရုတ်နိုင်ငံမှာ တရားစွဲဆိုဖို့ လွှဲပြောင်းပေးဖို့ တရုတ်ဘက်က တောင်းဆိုခဲ့ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းနိုင်ဖို့အတွက် မြန်မာ-ထိုင်းနယ်စပ် မဲဆောက်၊ မယ်လမနဲ့  ဖုတ်ဖမြို့တွေမှာ စစ်ဆေးရေးဂိတ် ၁၉ ခုတိုးမြှင့်ပြီး စစ်ဆေးတင်းကျပ်နေသလို မြန်မာနိုင်ငံဘက် မြဝတီမြို့နယ်က ကျားဖြန့်နဲ့ နာမည်ကျော်ဇောနေတဲ့ နယ်မြေတချို့မှာလည်း လူအဝင်အထွက်တွေ တင်းကျပ်စစ်ဆေးနေပါတယ်။ 

မဲခေါင်ဒေသတွင်း ၆ နိုင်ငံမှာ အွန်လိုင်းငွေလိမ်မှု (ကျားဖြန့်) လုပ်ငန်းနဲ့ ကွင်းဆက်ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ ဒီနှစ်အတွင်း သင့်လျော်တဲ့အချိန်မှာ ဇင်ယော်ပူးပေါင်းလှုပ်ရှားမှု ဒုတိယပိုင်းကို ပြုလုပ်သွားမယ်လို့ တရုတ်အစိုးရက ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

အဲဒီနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်က ကျားဖြန့်နဲ့ နာမည်ကျော်ဇောနေတဲ့ နယ်မြေတချို့မှာ အပြင်လူ အဝင်အထွက်တွေကို စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)က တင်းကျပ်နေတယ်လို့ မြဝတီဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် ထိုင်း- မြန်မာနယ်စပ်က ကျားဖြန့်နဲ့ လူကုန်းမှုတွေမှာ နာမည်ကျော်ဇောနေတဲ့ ရွှေကုက္ကိုလ်နယ်မြေမှာတော့ ဒေသတွင်းလုံခြုံရေးအတွက်ဆိုကာ လောင်ကစားရုံတွေမှာ အလုပ်လုပ်နေကြတဲ့ လုပ်သားတွေဆီက ထိုင်းငွေ ဘတ် ၅၀၀၀ မြန်မာငွေနဲ့ဆို ၇ သိန်းကျော်ကို ဒီလကစပြီး ကောက်ခံနေတယ်လို့လည်း နယ်မြေခံတယောက်က ပြောပါတယ်။

ဇင်ယော်စစ်ဆင်ရေးကို ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်စတဲ့ မဲခေါင်ဒေသ ၆ နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမှာပါ။

မြန်မာ- ထိုင်းနယ်စပ် မြန်မာနိုင်ငံအတွင်းက အွန်လိုင်းငွေလိမ်မှု (ကျားဖြန့်) လုပ်ငန်းတွေမှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက လူပေါင်း ၆၀၀၀ ကျော် ထိန်းသိမ်းခံထားရပြီး အဓမ္မခိုင်းစေခံနေရတာကြောင့် နိုင်ငံတကာအဖွဲ့တွေက ထိုင်းလူ့အခွင့်ရေးကော်မရှင်ကို တင်ပြထားပါတယ်။ 

မြဝတီတဖက်ကမ်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်က နယ်ခြားမျဉ်းတလျှောက်မှာ ထိုင်းအစိုးရက လူကုန်ကူးမှုအသိပေးဆိုင်ဘုတ်တွေ ထောင်ထားပြီး စစ်ဆေးမှုတွေလည်း ပြုလုပ်နေပါတယ်။

ကျားဖြန့်နဲ့ ကွင်းဆက်ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ အာဏာသိမ်းစစ်ကောင်စီကရော NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကပါ ပူးပေါင်းဆောင်ရွက်မယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013