DVB Logo
Home
မြန်မာသတင်း
တရားမဝင် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်လှေများကို အာရက္ခတပ်တော် အရေးယူစေလို 
DVB
·
January 29, 2025
တရားမဝင် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်လှေများကို အာရက္ခတပ်တော် အရေးယူစေလို 
Donate to DVB

ရခိုင်ပိုင်နက်ပင်လယ်ပြင်အတွင်းမှာ တရားမဝင် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းလှေတွေကို အာရက္ခတပ်တော် (AA)  အနေနဲ့ ထိရောက်စွာအရေးယူဖို့  မောင်တော ဒေသခံတွေက တိုက်တွန်းပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်ကနေစပြီး နေ့တိုင်းလိုလို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းလှေ အစီး‌ရေ ၅၀ လောက် ရခိုင့်ပင်လယ်ပြင်ထဲကို တရားမဝင် ဝင်ရောက် ငါးခိုးဖမ်းနေတာတွေကို တွေ့လာရတယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။

အလယ်သံကျော်၊ ကျောက်ပန္ဒူကမ်းခြေနဲ့ အင်းဒင်ကမ်းခြေတလျှောက်မှာ ငါးခိုးဖမ်းနေတာတွေကို အတွေ့များရပြီး ငါးဖမ်းလှေတစီးမှာ လူဦးရေဆယ်နဲ့ ချီပါဝင်တယ်လို့ ဆိုပါတယ်။

ငါးခိုးဖမ်းလှေတွေနဲ့အတူ ARSA လက်နက်ကိုင်အကြမ်းဖက်သမားတွေ ပါလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

မောင်တောဒေသခံတယောက်က “လစ်ရင်လစ်သလို ငါးခိုးဖမ်းကြတယ်။ များသောအားဖြင့် ဘင်္ဂလားပင်လယ်အော်နဲ့ ဆက်စပ်နေတဲ့ နတ်မြစ်ရဲ့ ထိပ်ဘက်မှာ ကျူးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းနေတာကို တွေ့ရပါတယ်။ အဲဒါကို အာရက္ခတပ်တော်ကလည်း ရေပိုင်နက်ကျော်လာပြီဆိုရင် သွားပြီးတော့ စစ်ဆေးတယ်၊ မောင်းထုတ်တယ်၊ ဖမ်းတာတွေလည်း လုပ်ဆောင်နေပါတယ်။ အဲဒီလို တဖက်နိုင်ငံက လာပြီးတော့ ငါးခိုးဖမ်းတယ်၊ အဲဒီငါးခိုးဖမ်းဘုတ်တွေမှာ အကြမ်းဖက်သမားတွေ ပါလာမှာကို စိုးရိမ်တာပါ။ အဲဒီလိုငါးဖမ်း Boat တွေကို အာရက္ခတပ်တော်ကလည်း ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်၊ ပိုပြီးဂရုစိုက်ပြီး ပိုပြီးတင်းကျပ်ပြီးတော့ ဖမ်းသင့်တာတွေ ဖမ်း၊ အရေးယူသင့်တာတွေ အရေးယူတာတွေ လုပ်ပေးစေချင်ပါတယ်”လို့ ပြောပါတယ်။

AA ကလည်း ရခိုင်ပင်လယ်ပြင်ကို ကာကွယ်စောင့်ရှောက်ဖို့ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲစည်းထားပြီး ငါးဖမ်းစက်လှေတွေ၊ သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း AA အနေနဲ့ နှစ်ဖက် တိုက်ပွဲတွေကြားမှာ ပင်လယ်ပြင်စိုးမိုးမှုအပိုင်းကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ဖို့ အားနည်းချက်တွေ ရှိနေသေးတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

ဆရာဝေဟင်အောင်က “တဖက်မှာ စစ်ပွဲတွေဖြစ်နေတဲ့အချိန်မှာ ပင်လယ်ပြင် စိုးမိုးမှုက သိပ်ကြီးကြီးမားမား မရှိနိုင်သေးတော့ အဲဒါကို အခွင့်အရေးယူတာ ဖြစ်တယ်။ ရခိုင်ရဲ့ လက်ရှိ နိုင်ငံရေးအခင်းအကျင်း၊ တော်လှန်ရေးအခင်းအကျင်း အပြောင်းအလဲမှာ ကျ‌နော်တို့ နေရာထဲကို လာပြီးတော့ ပိုင်နက်ကျူးလွန်ပြီးတော့ ငါးဖမ်းနေတယ်။ ရခိုင်ပြည်က တံငါသည်တွေအတွက် လုပ်ကွက်တွေ ပျောက်သွားသလို ပင်လယ်ပြင်ထဲကို ထွက်ပြီးတော့ ငါးရှာဖို့အတွက်လည်း ခက်ခက်ခဲခဲ ဖြစ်သွားတာပေါ့၊ ဒီခိုးဝင်လာတွေ လှေတွေပေါ်မှာ အကြမ်းဖက်သမားတွေ ပါမလာဘူး ဆိုတာ ပြောလို့မရဘူး၊ ဒီအပေါ်မှာလည်း စိုးရိမ်ချက်တွေ ရှိနေပါတယ်။ အာရက္ခတပ်တော်ဘက်ကလည်း ဖိဖိစီးစီးနဲ့ လုံခြုံရေးအပိုင်းတွေကို လုပ်နေတယ်ဆိုပေမဲ့ တခြားတဖက်မှာလည်း တော်လှန်ရေးက မပြီးစီးသေးဘူး။ တိုက်ပွဲတွေလည်း မပြီးဆုံးသေးဘူးဆိုတော့ ပင်လယ်ပြင်စိုးမိုးမှုအပိုင်းကို ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေးတာ ရှိတယ်”လို့ ပြောပါတယ်။

အခုလို တဖက်နိုင်ငံက ခိုးဝင်ငါးဖမ်းလှေတွေကြောင့် ရခိုင်ဒေသခံ ငါးဖမ်းသမားတွေဟာ သူတို့ အသက်မွေးဝမ်းကျောင်းအတွက်  ငါးရှာဖို့ ပင်လယ်ပြင် မထွက်ရဲတဲ့  အခြေအနေတွေ ဖြစ်နေပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး  အာရက္ခတပ်တော် (AA) ဘက်ကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

လက်ရှိမှာ အာရက္ခတပ်တော် (AA) က မောင်တောဒေသတခုလုံးကို သိမ်းပိုက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ရခိုင်ပင်လယ်ပြင်ကိုလည်း  ထိန်းချုပ်ထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013