
ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၁၇၇/၁ ဖာလုံမှာ ဇန်နဝါရီ ၂၇ ရက် ညနေ ၄ နာရီ ကျော်လောက်က ခရီးသွားမှန်လုံယာဉ်တစီး အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
မီးလောင်မှုကြောင့် ကားပေါ်ပါလာတဲ့ ခရီးသည်တွေရဲ့ပစ္စည်းတွေ ဆုံးရှုံးခဲ့ရပြီး ခရီးသည်တွေ ကားပေါ်က ခုန်ချထွက်ပြေးခဲ့လို့ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ ခရီးသွားပြည်သူတယောက်က “ဘုန်းမြတ်ပိုင် ယာဥ်လိုင်းက ကားပါ၊ ရန်ကုန်-ပြည် ပြေးဆွဲနေတဲ့ကားဖြစ်ပြီး ပြည်မြို့ မြို့ရှောင်လမ်း မိုင်တိုင်အမှတ် ၁၇၇/၁ ဖာလုံ ရွှေဗျိုင်းဖြူ ဆီဆိုင်အရှေ့မှာ အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့တာ။ ခရီးသည်တဦးကတော့ ၁၂ သိန်းဖိုးလောက် ဆုံးရှုံးသွားတယ်။ ခရီးသည်တွေရဲ့ ပစ္စည်းတန်ဖိုး ၁၅ သိန်းဖိုးလောက်တော့ ဆုံရှုံးသွားတယ်” လို့ DVB ကို ပြောပါတယ်။
ပြည်မြို့မှာရှိတဲ့ မီးသတ်တပ်ဖွဲ့က မီးသတ်ကား ၉ စီးနဲ့ မီးငြှိမ်းသတ်ပေးခဲ့ပေမဲ့ ကားကတော့ မီးလောင်တဲ့အရှိန်များပြီး ယာဉ်တစီးလုံး ဆုံးရှုံးသွားခဲ့ပါတယ်။
ကားမီးလောင်မှုကြောင့် ကုန်သည်တချို့ရဲ့ ပစ္စည်းတွေ ကားမီးလောင်တဲ့အထဲ ပါသွားပြီး ခရီးသွားပြည်သူတွေကို ပြည်မြို့မှာရှိတဲ့ လူမှုရေးပရဟိတအဖွဲ့တွေက ကူညီစောင့်ရှောက်မှုတွေ လုပ်ပေးခဲ့တယ်လို့ ပြည်မြို့ နေထိုင်သူတွေဆီက သိရပါတယ်။










