
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာရှိတဲ့ ဘုရင်ခရီးသည်တင်ယာဥ်လိုင်းက ဂိတ်မှူးနဲ့ စာရေးမ ၂ ယောက်ကို စစ်အာဏာရှင်တပ်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲဆီ ဖုန်းဆက်သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဩဂုတ် ၂၀ ရက် ဒီနေ့ မနက် ၁၀ နာရီမှာ ဖမ်းဆီးသွားတယ်လို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
"စစ်သားတွေ၊ ရဲတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းကားစီးရင် ယာဥ်လိုင်းက PDF တွေဆီ သတင်းပေးတယ်ဆိုပြီး ဂိတ်မှူးနဲ့ စာရေးမ ၂ယောက်ကို ဒီနေ့မနက် ၁၀ နာရီမှာ လာဖမ်းသွားတာ။”
ဖမ်းဆီးခံရသူ ၃ ယောက်မှာ ဘုရင်ခရီးသည်တင်မော်တော်ယာဥ်လိုင်းမှ ဂိတ်မှူး ဇေယျာဝင်း၊ လက်မှတ်အရောင်းစာရေး မအေးမြင့်ဆွေ နဲ့ မသိမ့်သိမ့်သူ တို့ဖြစ်တယ်လို့ ယာဥ်လိုင်းနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
"ဖမ်းသွားတာတော့ ဟုတ်ပါတယ်။ ဘယ်ကိုဖမ်းခေါ်သွားလဲဆိုတာတော့ မသိဘူး။ လက်ရှိ ယာဥ်လိုင်းကို စစ်တပ်က စစ်ဆေးနေတယ်။”
စစ်အာဏာရှင်တပ်ရဲ့လုပ်ရပ်ကြောင့် လတ်တလောမှာ ရွှေဘိုအဝေးပြေး ကားကြီးဝင်းအတွင်းမှာရှိတဲ့ ခရီးသည်တင်ယာဥ်လိုင်းတွေဟာ စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေဘိုမြို့နယ်မှာ တရားဥပဒေစိုးမိုးမှုအားနည်းပြီး ဓားပြတိုက်မှု၊ လုယက်မှုတွေ မကြာခဏဖြစ်သလို နေ့စဥ်နဲ့အမျှ ပေါ်တာဆွဲဖမ်းဆီးတာတွေကြောင့် လူငယ်တွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
Photo: ဘုရင်အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေး FB











