DVB Logo
Home
မြန်မာသတင်း
OWIC ကတ်ထုတ်ပေးခြင်းနှင့် ပြည်ပကို လုပ်သားစေလွှတ်ရေးလုပ်ငန်းစဥ် ဆက်ခွင့်ပြုထား
DVB
·
January 28, 2025
OWIC ကတ်ထုတ်ပေးခြင်းနှင့် ပြည်ပကို လုပ်သားစေလွှတ်ရေးလုပ်ငန်းစဥ် ဆက်ခွင့်ပြုထား
Donate to DVB

ပြည်ပအလုပ်အကိုင်သက်သေခံ လက်မှတ် (OWIC) ထုတ်ပေးတာနဲ့ ပြည်ပလုပ်သားစေလွှတ်ရေးလုပ်ငန်းစဥ်တွေကို စစ်​ကောင်စီ အလုပ်သမားဝန်​ကြီးဌာနက ဆက်ပြီးခွင့်ပြုပေးနေတယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

လူငယ်တွေ ပြည်ပထွက်ခွာခွင့်ကို ထိန်းချုပ်တားဆီးတဲ့ အချက်ပါဝင်တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို စစ်ကောင်စီက အတည်ပြုလိုက်ပြီးနောက် ပြည်ပမှာ သွားရောက်လုပ်ကိုင်ခွင့်တွေ ပိတ်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပေမဲ့ လက်ရှိမှာ ပုံမှန်အတိုင်း ဆက်လုပ်ခွင့်ရနေသေးတယ်လို့ ဆိုပါတယ်။

ပြည်ပကို အလုပ်သမားစေလွှတ်ရေးလုပ်ငန်းနဲ့ နီးစပ်သူတယောက်က  “​နေ့အလိုက် OWIC ကတ် လုပ်ရမယ့် အလုပ်သမားစာရင်းတွေလည်း ဆက်ထုတ်ပေးနေတယ်။ စေလွှတ်ခွင့်ကျပြီးသား အလုပ်သမားတွေကို ဆက်လွှတ်ခွင့်ပေးထားတယ်။ ခုထိ​တော့ ဌာနရဲ့ လုပ်ငန်းစဥ်တွေက ပုံမှန်ပဲ” လို့ ပြောပါတယ်။

ပြည်ပ သွားရောက်လုပ်ကိုင်မယ့် အလုပ်သမားတွေကို OWIC ကတ်ထုတ်ပေးတာဖြစ်ပြီး အသက် ၂၃ ကနေ ၃၂ နှစ်အတွင်း အမျိုးသားတွေကိုတော့ အရင်အတိုင်း OWIC ကတ် လုပ်မပေးဘဲ ပြည်ပထွက်ခွင့် ဆက်ပြီးပိတ်ထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကြောင့် ပြည်ပလုပ်သားစေလွှတ်နေမှုအပေါ်ရိုက်ခတ်မှု ရှိနိုင်ပေမဲ့ ရှင်းလင်းတဲ့ ညွှန်ကြားချက်တစုံတရာ မရှိသေးဘူးလို့လည်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုက်အဝန်းက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ ကိုယ်စားလှယ်တယောက်က  “အလုပ်ခေါ်စာတွေကတော့ ဆက်ချပေးနေတယ်။ အထွေထွေလုပ်သား စေလွှတ်ခွင့်ရပ်မယ်ဆိုပြီး သတင်းတွေ ထွက်ကတည်းက အေဂျင်စီတွေ ချိန်ဆလုပ်နေကြတာ။ အခုဆို အဲဒီသတင်းက တကယ်ဖြစ်လာမယ့်ပုံပဲ” လို့ ပြောပါတယ်။ 

လက်ရှိမှာ ပြည်ပကို လုပ်သားစေလွှတ်တဲ့ လုပ်ငန်းတွေ ဆက်ရှိနေပေမဲ့ စစ်ကောင်စီရဲ့ ဘတ်ဂျက်နှစ်ကုန်ရင်တော့ တစုံတရာပြောင်းလဲမှု ရှိနိုင်မယ်လို့လည်း အေဂျင်စီအသိုက်အဝန်းက ခန့်မှန်းထားကြပါတယ်။  

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားတွေနဲ့အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးတွေကို ၂ နှစ်အထိ စစ်မှုထမ်းရမယ်လို့ သိရပါတယ်။ 

ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ ဒါမှမဟုတ် အခြားအတတ်ပညာတရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းနေသူတွေဆိုရင် စစ်မှုထမ်းရမယ့် အသက်အပိုင်းအခြားကို အမျိုးသား အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အကျုံးဝင်တယ်လို့ဆိုပါတယ်

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းနီးပါးရှိတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ 

လက်ရှိမှာ ပြည်ပကို အေဂျင်စီတွေကတဆင့် တလကို လုပ်သား ၁၀၀၀၀ နီးပါး စေလွှတ်နေပြီး ပြည်ပအလုပ်အကိုင်အေဂျင်စီ ၆၀၀ ကျော်ကို အကျိုးဆောင်လိုင်စင် ချပေးထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013