DVB Logo
Home
မြန်မာသတင်း
မောင်တော ဒေသခံများကို  မြို့ထဲ ပြန်လည်နေထိုင်ခွင့်ပြု
DVB
·
January 28, 2025
မောင်တော ဒေသခံများကို  မြို့ထဲ ပြန်လည်နေထိုင်ခွင့်ပြု
1 / 2
Donate to DVB

တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ဒေသခံတွေ မြို့ထဲမှာ ပြန်လည်ဝင်ရောက်နေထိုင်ခွင့် ရသွားကြပါပြီ။ 

ပြီးခဲ့တဲ့ နှစ် ဇွန်လ ၁၆ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က မောင်တောမြို့ထဲကို ထိုးစစ်ဆင် ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်တော့မယ်လို့ သတိပေးကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒေသခံတွေဟာ မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အတူ လေကြောင်းရန်၊ လက်နက်ကြီး ရန်တွေအပြင် စစ်ကောင်စီလက်အောက်ခံ မွတ်ဆလင်လက်နက်ကိုင်တွေရဲ့ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေကြောင့် မောင်တောမြို့ထဲကနေ ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ မောင်တောမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးတော့ AA ရဲ့ ခွင့်ပြုချက်နဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး မောင်တောမြို့က စစ်ဘေးရှောင်တွေကို မြို့ထဲကို ပြန်ဝင်ခွင့်ရပြီလို့လည်း သိရပါတယ်။

၉ လနီးပါးစစ်ဘေးတိမ်းရှောင်ခဲ့ရပြီး  မြို့ထဲပြန်ဝင်ခွင့်ရခဲ့တဲ့  ဒေသခံတယောက်က “မြို့ထဲမှာ စပြီးတော့ နေထိုင်နေကြပြီဆိုတော့ လုံခြုံရေးတွေ တင်းကျပ်ပြီးတော့ စစ်ဆေးမှုတွေ အများကြီးနဲ့ သွင်းနေတာပေါ့နော်၊ မြို့တော့ နည်းနည်းပါးပါး အသက်ဝင်လာပြီပေါ့။ အကုန်လုံး နီးပါးတော့ မဟုတ်ပါဘူး၊ ကိုယ့်အိမ်ကိုယ်ကို လာရှင်းကြတယ်၊ သူတို့ဆီမှာ ဝင်ခွင့်တောင်းပြီးတော့ အိမ်တွေ ရှင်းတယ်၊ ပြီးတော့မှ မိသားစုတွေကို ပြန်ခေါ်လာတယ်။ မြို့ပြင်ကို ထွက်ပြီး အလုပ်တွေ ဘာတွေမရှိဘဲ ရရာအလုပ်ကိုပဲ လုပ်ပြီးတော့ နေရတာဆိုတော့ အိမ်ကိုပြန်ရောက်တော့ ဝမ်းသာတာပေါ့ဗျာ၊ နွေးနွေးထွေးထွေး ခံစားရပါတယ်၊ စစ်ဘေးရှောင်နေတဲ့အချိန်ကျတော့ ဒုက္ခတွေ အများကြီး ခံစားရတာပေါ့ဗျာ” လို့ ပြောပါတယ်။

တဖက်မှာလည်း ဒေသခံတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်အန္တရာယ်နဲ့ ARSA တို့လို့ မွတ်ဆလင်လက်နက်ကိုင်တွေရဲ့ အန္တရာယ်တွေကို စိုးရိမ်ကြောက်လန့်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

အာရက္ခတပ်တော်အနေနဲ့ မောင်တောမြို့တွင်း လုံခြုံရေးတွေကို တင်းကျပ်စွာ လုပ်ဆောင်နေပြီးတော့ နေ့ရော ညပါ ကင်းလှည့်ပြီး စောင့်ရှောက်မှုပေးနေတယ်လို့ ဆိုပါတယ်။

မောင်တောဒေသခံတယောက်က “မောင်တောမြို့ပေါ်ကလူတွေဆိုတော့ မောင်တောမြို့ထဲကို ဝင်ရတာ အရမ်းဝမ်းသာပါတယ်။ မိမိအိမ်ကို ပြန်ရမယ်ဆိုတော့ အကုန်လုံးက ဝမ်းသာပြီးတော့ ပြန်ကြတဲ့သူတွေပါ။ တပ်တော်ကလည်း လုံခြုံရေးကို တင်းတင်းကျပ်ကျပ် လုပ်ပေးတယ်၊ အကြမ်းဖက်သမား ARSA တို့ ဝင်လာနိုင်တဲ့ လမ်းကြောင်းတွေပေါ်မှာ လုံခြုံရေးတွေကို တိုးမြှင့်ချထားတယ်။ စကစရဲ့ လေကြောင်းရန်ကတော့ စိုးရိမ်ရတာပေါ့နော်၊ ဘာလို့ဆို ဘင်္ဂလားနယ်စပ်မှာ အင်တာနက်လိုင်းတွေက ရနေတာဆိုတော့ သတင်းပေါက်ကြားတာ ရှိမယ်။ အဲဒါကြောင့်ပဲ စိုးရိမ်ရတာပါ” လို့ ပြောပါတယ်။

AA အနေနဲ့ ချင်းပြည်နယ် ပလက်ဝအပါအဝင် ရခိုင်မှာ မြို့နယ်ပေါင်း ၁၅ ခုအထိကို သိမ်းပိုက် ရရှိပြီးပြီဖြစ်ပြီး ကျန်ရှိတဲ့ စစ်တွေ၊ ကျောက်ဖြူ နဲ့ မာန်အောင်မြို့တွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက် သွားမယ်လို့ ဆိုထားပါတယ်။ 

လက်ရှိမှာ စစ်တွေမြို့အနီး ပတ်ဝန်းကျင်မှာလည်း နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်း ပစ်ခတ်တိုက်ခိုက်တွေ နေ့တိုင်းရှိနေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013