DVB Logo
Home
မြန်မာသတင်း
မြန်မာ ကျားဖြန့်ဂိုဏ်းမှ လွတ်မြောက်လာသူ ဟောင်ကောင်ဒေသခံ နေရပ်ပြန်ရောက်
DVB
·
January 28, 2025
မြန်မာ ကျားဖြန့်ဂိုဏ်းမှ လွတ်မြောက်လာသူ ဟောင်ကောင်ဒေသခံ နေရပ်ပြန်ရောက်
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းတခုထဲ အဓမ္မခိုင်းစေ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဟောင်ကောင်ဒေသခံတယောက် ပြန်လည်လွတ်မြောက်လာပြီး နေရပ်ပြန်လည် ရောက်ရှိခဲ့တဲ့အကြောင်း ဟောင်ကောင်အစိုးရက ဇန်နဝါရီ  ၂၈ ရက်က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ဟောင်ကောင်အမျိုးသားဟာ ကျားဖြန့်ငွေလိမ်ဂိုဏ်းကနေ မကြာသေးခင်က ပြန်လည်လွတ်မြောက်လာပြီးနောက် ထိုင်းနိုင်ငံကနေ ဇန်နဝါရီ ၂၇ ရက်ညပိုင်းက ဟောင်ကောင်ကို ချောချောမွေ့မွေ့ ပြန်ရောက်ရှိလာခဲ့တာလို့ ဟောင်ကောင်လုံခြုံရေးဗျုရိုက ပြောပါတယ်။

မြန်မာနိုင်ငံဘက်ကနေ ကယ်တင်ခံရပြီး ထိုင်းနိုင်ငံကို ရောက်ရှိလာကြောင်း အတည်ပြုပြီးနောက် ဇန်န၀ါရီ ၂၁ ရက်မှာ ဟောင်ကောင်လုံခြုံရေးဗျူရိုက သီးသန့်အဖွဲ့တဖွဲ့ကို ဘန်ကောက်ကို စေလွှတ်ခဲ့တာဖြစ်ပြီး ရက်အနည်းငယ်အတွင်းမှာ မတူညီတဲ့အဖွဲ့တွေနဲ့ ပေါင်းစပ်ညှိနှိုင်း စုပေါင်းကြိုးပမ်းမှုနဲ့ အတူ တရုတ်နှစ်ကူးမတိုင်မီ သူ့ရဲ့ မိသားစုနဲ့ ပြန်လည် ပေါင်းစည်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကျားဖြန့်ရာဇဝတ်ဂိုဏ်းကနေ ပြန်လည်လွတ်မြောက်လာသူ အမျိုးသားက ဘန်ကောက်က ထိန်းသိမ်းရေးစခန်းမှာ လုံခြုံရေးဗျူရိုအဖွဲ့တွေနဲ့ တွေ့ဆုံချိန်မှာ သူ့ရဲ့ အမှုကိစ္စအတွက် ခုလို ဆက်လက်လုပ်ဆောင်ဖို့ ထိုင်းကိုလိုက်လာတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သလို တရုတ်နှစ်သစ်ကူးမတိုင်ခင်မှာ မိသားစုနဲ့ ပြန်လည်ဆုံစည်းဖို့ ဟောင်ကောင်ကို ပြန်နိုင်တော့မှာကို သိလိုက်ရတဲ့အတွက်လည်း ဝမ်းမြောက်မိတယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ ဟောင်ကောင်ကို ပြန်မလာနိုင်သေးတဲ့ ကျားဖြန့်ဂိုဏ်းတွေထဲ ပိတ်မိနေတဲ့ ကျန်ရှိနေတဲ့ အကူအညီတောင်းခံမှု ၁၀ ​​မှုကို သက်ဆိုင်ရာ တာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့က တက်ကြွစွာ လိုက်လံဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

မြန်မာနယ်စပ် ကျားဖြန့် အွန်လိုင်းလိမ်လည် ရာဇဝတ်ဂိုဏ်းတွေထဲ ပျောက်ဆုံးနေသူတွေ လွတ်မြောက်ရေးအတွက် ဟောင်ကောင်လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တဖွဲ့ကို ထိုင်းနိုင်ငံကို စေလွှတ်ထားခဲ့တာပါ။

ဟောင်ကောင်လုံခြုံရေးဗျူရိုကတော့ ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်ကာလတွေကတည်းက ဟောင်ကောင်နိုင်ငံသားတွေဟာ အရှေ့တောင်အာရှဒေသတွေအတွင်းက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေထဲ ကျွန်တွေလို အခြေအနေမျိုးနဲ့ အလုပ်လုပ်ဖို့ ဖြားယောင်းသွေးဆောင်ခံရတယ်လို့ သံသယရှိတဲ့အကြောင်း ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

သီးခြားလွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP Myanmar အဖွဲ့က ထုတ်ပြန်ချက်မှာတော့ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကိုလ်၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံစည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့ မြို့တွေမှာ ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေပြီး ဒီလုပ်ငန်းတွေ မြန်မာမှာ အမြစ်ပြတ်မယ့်ပုံ မမြင်ရသေးဘူးလို့ ပြောထားပါတယ်။

ရှမ်းမြောက်ဒေသ တရုတ်နယ်စပ်ကနေ တောင်ဘက်ပိုင်း ထိုင်းနယ်စပ်အထိ ကျားဖြန့် နှိမ်နင်းမှုတွေနဲ့ဆက်စပ်ပြီး ထုတ်ပြန်တဲ့ သုတေသနအစီရင်ခံစာထဲမှာခုလို ဖော်ပြထားတာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် ပြည်ပနိုင်ငံပေါင်း ၂၅ နိုင်ငံထက်မနည်းက နိုင်ငံခြားသားတွေ ဝင်ရောက်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာကို ဝင်ရောက်တဲ့အခါ တိုက်ရိုက်ဖြစ်စေ၊ ထိုင်း၊ မလေးရှား၊ လာအို၊ ယူအေအီး စတဲ့ ကြားခံ Transit နိုင်ငံတွေကတဆင့် ဖြစ်စေ ဝင်ရောက်ကြတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013