DVB Logo
Home
မြန်မာသတင်း
မြန်မာအပေါ်  ပိတ်ဆို့အရေးယူမှု လက်မခံဟု ဗီယက်နမ်ဝန်ကြီးချုပ်ပြော
DVB
·
January 27, 2025
မြန်မာအပေါ်  ပိတ်ဆို့အရေးယူမှု လက်မခံဟု ဗီယက်နမ်ဝန်ကြီးချုပ်ပြော
Donate to DVB

မြန်မာနိုင်ငံအပေါ် တားဆီးပိတ်ဆို့ အရေးယူမှုတွေကို ဗီယက်နမ်နိုင်ငံအနေနဲ့ လက်မခံဘဲ ဆန့်ကျင်တယ်လို့  ဗီယက်နမ် ဝန်ကြီးချုပ် ဖမ်မင်ချင်က ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့နဲ့ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ တွေ့ဆုံစဉ် ဗီယက်နမ် ဝန်ကြီးချုပ်က ပြောကြားလိုက်တာဖြစ်ပြီး ဗီယက်နမ်အနေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ ဂုဏ်သိက္ခာကို လေးစားတဲ့ရပ်တည်ချက်ကို ဆက်လက်ကိုင်စွဲထားတယ်လို့လည်း ပြောပါတယ်။

ဝန်ကြီးချုပ် ဖမ်မင်ချင်က “မြန်မာပြည်သူတွေရဲ့ ဘဝတွေအပေါ် ဆိုးကျိုးသက်ရောက်စေတဲ့ တားဆီးပိတ်ဆို့ အရေးယူမှုတွေကို ဗီယက်နမ်နိုင်ငံအနေနဲ့ ဆန့်ကျင်တယ်။ မြန်မာ့အရေးကို မြန်မာပြည်သူတွေကိုယ်တိုင် သက်ဆိုင်သူအားလုံးပါဝင်တဲ့ သဘောတူညီမှုတွေ၊ အပေးအယူ ညှိနှိုင်းမှုတွေကနေတဆင့်  ဖြေရှင်းရမှာဖြစ်တယ်” လို့ ပြောပါတယ်။

မြန်မာစစ်တပ်နဲ့  ဗီယက်နမ် ဆက်သွယ်ရေးကုမ္ပဏီ Viettel တို့ကြား အကျိုးတူ ဖက်စပ်ပူးတွဲ တည်ထောင်ထားတဲ့ Mytel ကုမ္ပဏီကို အမေရိကန်က မကြာသေးခင်ကမှ ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေကို ဗီယက်နမ်နိုင်ငံအနေနဲ့ အမြဲတမ်း အနီးကပ် စောင့်ကြည့်နေကြောင်းနဲ့ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားအတွက်သာမက ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်း တည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံမှာ ချက်ချင်း ပြန်တည်ငြိမ်ဖို့ မျှော်လင့်တယ်လို့ ဗီယက်နမ် ဝန်ကြီးချုပ်က ပြောပါတယ်။

အရှေ့တောင်အာရှဒေသမှာ အထူးသဖြင့် မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုရရေး ဗီယက်နမ် အနေနဲ့ ကြိုးပမ်းအားထုတ်ဖို့ အသင့်ရှိတယ်၊ မြန်မာ့အရေး ဆွေးနွေးအဖြေရှာနိုင်ရေး သက်ဆိုင်သူတွေ တွေ့ဆုံနိုင်ဖို့ နေရာတခုပေးဖို့ အပါအဝင် ကုလသမဂ္ဂရဲ့ ရည်မှန်းချက်တွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်ထားခဲ့တယ်လို့လည်း ဗီယက်နမ်ဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဘက်အားလုံးအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့၊ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေး သေချာစေရေး ဦးစားပေးလုပ်ဆောင်ဖို့ လိုအပ်ကြောင်းနဲ့ မြန်မာ့အရေး ငြိမ်းချမ်းစွာအဖြေရှာဖို့ သက်ဆိုင်တဲ့ဘက်တွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ တိုက်တွန်း ပြောပါတယ်။

ကုလသမဂ္ဂအတွင်းမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့ဟာ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာကာအိုခင်ဟွန်းနဲ့လည်း ဇန်နဝါရီ ၂၁ ရက်က ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ အာဆီယံက သတင်းထုတ်ပြန်ပါတယ်။

အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ကြိုးပမ်းဆောင်ရွက်မှုတွေမှာ ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍအကြောင်းနဲ့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေး တိုးတက်မှုရှိဖို့ ကိစ္စတွေ အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ ဂျူလီဘစ်ရှော့ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မြန်မာနိုင်ငံဆိုင်ရာ  အထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက နိုလင်းဟေဇာနေရာမှာ အစားထိုး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

Source: Vietnam News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013