DVB Logo
Home
မြန်မာသတင်း
မြင်းခြံနှင့် မတ္တရာမြို့နယ်တို့တွင် စစ်တပ် တိုက်ခိုက်မှုကြောင့် PDF ရဲဘော်များနှင့် အရပ်သားများ သေဆုံး 
DVB
·
January 27, 2025
မြင်းခြံနှင့် မတ္တရာမြို့နယ်တို့တွင် စစ်တပ် တိုက်ခိုက်မှုကြောင့် PDF ရဲဘော်များနှင့် အရပ်သားများ သေဆုံး 
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဇန်နဝါရီ ၂၆ ရက် မနက် ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော်တွေအပါအဝင် အရပ်သားတွေ အများအပြားသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ (CDSOM) အဖွဲ့ရဲ့ ကိုနွေဦး က​ “ဆင်းဂွတ်ရွာကို လေယာဥ်နဲ့ ၂ ခါ လာပစ်သွားတာ။ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံး ၂ လုံးကြဲတယ်။ MI 35 နဲ့က စစ်သေနတ်နဲ့ပတ်ပစ်သွားတာ။ ပစ်သွားတာက နာရီဝက်ကျော်တယ်ဗျ။ ဆင်းဂွတ်ရွာက စာသင်ကျောင်းကို ဦးတည်ပြီးကြဲသွားတာ။ ပစ်တာကတော့ ရွာအနှံ့ ပတ်ချာလည်ပတ်ပစ်သွားတာဗျ”လို့ ပြောပါတယ်။

မြင်းခြံ-ဆီးမီးခုံ ကားလမ်းဘေးမှာတည်ရှိတဲ့ ဆင်းဂွတ်ကျးရွာရဲ့ အဆိုပါစာသင်ကျောင်းအတွင်းမှာ ပကဖရုံးနဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေ စုပေါင်းဖွင့်လှစ်ထားတဲ့ ဆေးခန်းတို့ရှိနေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် CDM ဆရာဝန်၊ PDF ရဲဘော်တွေနဲ့ ဒေသခံပြည်သူ အများအပြား သေဆုံးဒဏ်ရာရကြကာ ကျေးရွာစာသင်ကျောင်းလည်း လုံးဝပျက်စီးသွား ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့အတွက် ကလေးသူငယ်တွေ အပါအဝင်ဒေသခံပြည်သူ ၁၀ ယောက်ထက်မနည်းလည်း သေဆုံးကာ လူနေအိမ် ၃ လုံးထက်မနည်း ပျက်စီးသွားသလို နွား ၃ ကောင်ထက်မနည်းလည်း သေဆုံးသွားတယ်လို့ မြင်းခြံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

“ကျောင်းထဲမှာဖွင့်ထားတဲ့ ဆေးခန်းက  ဆရာဝန်တွေရယ်၊ ပကဖ ရဲဘော်တွေကတော့ ၁၀ ယောက်ထက်မနည်း ကျသွားတယ်လို့ သိရတယ်ဗျ။ ကျသွားထဲမှာ ကျနော်တို့နဲ့ အဆက်အသွယ်လုပ်နေတဲ့ အဲဒီက ပကဖ တာဝန်ရှိတဲ့သူလည်း ပါသွားတယ်။ သေဆုံးသူတွေက ပကဖ ရဲဘော်တွေနဲ့ ရွာခံ ၂၀ ကျော်ရှိတယ်လို့တော့ သိထားရတယ်ဗျ။ ဒဏ်ရာရတဲ့သူကလည်း ၂၀ အထက် ၃၀ ဝန်းကျင်ရှိတယ်။”

ဗုံးကြဲခံရတဲ့ ဆင်းဂွတ်ကျေးရွာဟာ ဖုန်းနဲ့ အင်တာနက်လိုင်းလိုင်းဖြတ်တောက်ခံထားရလို့ ထိခိုက် သေဆုံးမှုနဲ့ ပျက်စီးမှုအခြေအနေအသေးစိတ်ကို မသိရသေးပါဘူး။

ဇန်နဝါရီ ၁၂ ရက်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး သီတာယုမွန်နဲ့အဖွဲ့ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီဘက်က မြင်းခြံနယ်ထဲကို အငြိုးတကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်း အန္တရာယ်ကို သတိကြီးစွာထားကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းပါတယ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် စကျင်ရွာအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ ဇန်နဝါရီ ၂၆ ရက် မနက် ၃ နာရီ လောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက  သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ မတ္တရာမြို့နယ် မြွေဥဒိန်ရွာဘက်ကနေ စစ်ကြောင်းထိုးလာရင်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိပ်တိုက်တွေ့ပြီး  တိုက်ပွဲဖြစ်ကြတာလို့လည်း သိရပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “သူတို့နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်တပ်က မြွေဥဒိန်ရွာကနေ ကျမတို့ စကျင်ရွာဘက်ကို မနက်ခင်း ၁၀ နာရီ ကျော်အချိန်မှာ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ပါတယ်။ အဲလိုပြုလုပ်ခဲ့လို့ ကျမတို့ စကျင်ရွာတောင်ပိုင်းမှာရှိတဲ့ ဒက္ခိဏာရုံ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲလိုပေါက်ကွဲလို့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုရား စေတီနဲ့ လူနေအိမ်တချို့ ပျက်စီးခဲ့ရပါတယ်ရှင့်”လို့ ပြောပါတယ်။

လက်နက်ကြီး ထိမှန်သူတွေကတော့ အသက် ၄၀ ဝန်းကျင် ကိုကုလား ဗိုက်ပွင့်ထွက် ပြင်းထန်ဒဏ်ရာ၊ နိုင်ဖြိုးသူ အသက် ၂၀ ဝန်းကျင် မစိုးရိမ်ရ ဒဏ်ရာ၊ မောင်သဲမောင်(ခေါ်)ဖိုးသေး အသက် ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွာထဲပြည်သူတွေကတော့ ရွာရဲ့ မြောက်ဘက်ကို အကုန်ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စကျင်ရွာဟာ အိမ်ခြေ ၃၀၀၀ ထောင်ရှိ ရွာကြီးဖြစ်သလို စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ အကြိမ်ကြိမ်ပစ်ခတ်လို့ သေဆုံးရတဲ့ ရွာသား ၇ ယောက်ကျော်အထိရှိနေပြီး ဒဏ်ရာပြင်းထန်ရသူ ၁၀ ယောက်ထက်မနည်းအထိ ရှိပါတယ်။

တိုက်ပွဲက စကျင်ရွာရဲ့ တောင်ဘက် ကူးတို့ဆိပ်ရွာနဲ့ ပုသိမ်ကုန်းရွာဘက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပေမဲ့ မဆိုင်တဲ့ စကျင်ရွာကို လက်နက်ကြီးနဲ့ စစ်တပ်က ပစ်ခဲ့တာပါ။ ထိတွေ့တိုက်ပွဲမှာတော့ နှစ်ဖက် သေဆုံးသူ အရေအတွက် အတိအကျ မပြောနိုင်သေးဘူးလို့  မတ္တရာပကဖအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ အလယ်ပိုင်းတိုင်းဖြစ်တဲ့ မန္တလေးတိုင်း မကျဆုံး‌ရေးအတွက် အပြင်းအထန် မြေပြင်ထိုးစစ်ဆင်နေတာဖြစ်ပြီး အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မတ္တရာမြို့နယ် အနောက်မြောက်ခြမ်းက မြွေထိန်ပင်စောက်ရွာအနီးမှာတော့ ဇန်နဝါရီ ၂၆ ရက် မနက်အစောပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၃ လက် သိမ်းပိုက်ရရှိခဲ့တယ်လို့ မတ္တရာမြို့နယ် ပကဖဆီက သိရပါတယ်။

မတ္တရာမြို့ပေါ်ကနေ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ် အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းကို မတ္တရာမြို့နယ် ပကဖနဲ့ တပ်ပေါင်းစုတွေက ခုခံတိုက်ခိုက်ခဲ့တာလို့ မတ္တရာမြို့နယ်ပကဖ သတင်းတာဝန်ခံ ဘိုတောက်က ပြောပါတယ်။

"တိုက်ပွဲ ဖြစ်တဲ့နေရာနားကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၄ကြိမ်ဗုံးကြဲခဲ့ပါတယ်၊ ပြည်သူထိခိုက်မှုမရှိသလို ကျနော်တို့ ဘက်ကလည်းထိခိုက်မှုမရှိပါဘူး။”

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်သားတွေ ထိတွေ့တိုက်ပွဲမှာ ၃ ယောက် သေဆုံးခဲ့ပြီး အခြား ဒဏ်ရာရစစ်သား ၂၀ ကျော်ကို မတ္တရာဆေးရုံကို ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၆ရက်မှာ လက်နက်ကြီးပစ်ခတ်တာကြောင့် စကျင်ကျေးရွာက အမျိုးသမီးတယောက်နဲ့ အမျိုးသား ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013