DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြေရှင်းရန် အရေးကြီးဟု ကုလဆိုင်ရာ ကန်သံအမတ်ပြော
DVB
·
January 25, 2025
မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြေရှင်းရန် အရေးကြီးဟု ကုလဆိုင်ရာ ကန်သံအမတ်ပြော
Donate to DVB

ကုလဆိုင်ရာအမေရိကန်သံအမတ်ကြီး အယ်လိစ်စတီဖာနစ်က  မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖြေရှင်းဖို့ဟာ ဦးစားပေးအရေးကိစ္စဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ 

ထရမ့်ပ်အစိုးရရဲ့ နိုင်ငံတကာအကူအညီတွေ ယာယီရပ်ဆိုင်းမှုလွန်တာနဲ့ မြန်မာနိုင်ငံမှာ အကူအညီတွေ အမြန်ဆုံးပြန်ရအောင် အမေရိကန်ရောက်မြန်မာ့အရေးလှုပ်ရှားသူတွေက ကြိုးပမ်းနေပါတယ်။ 

ဒေသစံတော်ချိန် ဇန်နဝါရီ ၂၁ ရက်က ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရေး ကန်အထက်လွှတ်တော်ကြားနာပွဲမှာ သံအမတ်ကြီး အယ်လိစ်စတီဖာနစ်က မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖြေရှင်းရေးဟာ ဦးစားပေးအရေးကိစ္စဖြစ်တယ်လို့ အရှေ့တောင်အာရှနဲ့ မြန်မာ့ရေးရာဆက်စပ်မေးခွန်းကို ဖြေကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ 

အရှေ့တောင်အာရှမှာ တရုတ်အစိုးရရဲ့ လွှမ်းမိုးလာမှုကို ပြန်တွန်းကန်နိုင်ဖို့ နိုင်ငံတကာက စေ့စပ်ရေးကို ကြိုးစားအားထုတ်ရမယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

အရှေ့တောင်အာရှဒေသတွင်းမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေးဟာ အလွန်အရေးပါနေပြီး ဒေသတွင်းနိုင်ငံတွေကို သွားရောက်လေ့လာမှုတွေ ပြုလုပ်ထားတယ်လို့လည်း  အယ်လိစ်စတီဖာနစ်က ပြောဆိုခဲ့ပါတယ်။

NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကြားနာပွဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ မေးတဲ့အခါမှာ ဖြေတာ၊ လူ့အခွင့်အရေး ချိုး ဖောက်တာတွေနဲ့ပတ်သက်ပြီးတော့ ထိပ်ဆုံးကနေပြီးတော့ သူ့အနေနဲ့ ဦးစားပေးပြီးတော့ ကုလသမဂ္ဂမှာ လုပ်ကိုင်သွားမယ်လို့ ပြောကြားသွားတာ အားရဖို့ကောင်းတဲ့ဟာတခုပါပဲ။ နိုင်ငံခြားရေးဝန်ကြီးအသစ်ဖြစ်တဲ့ မာကိုရူဘီအိုဟာဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာနဲ့ ပထမဦးဆုံးကန့်ကွက်တဲ့ ဆီးနိတ်အမတ်တွေထဲမှာ တဦးအပါအဝင်ဖြစ်တယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံခြားရေးမူဝါဒတွေချမှတ်တဲ့အခါမှာလည်း သူကိုယ်တိုင်ကလည်း ဆီးနိတ်နိုင်ငံခြားရေး ကော်မတီတွေ ဘာတွေမှာ ပါဝင်တဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့် သူကိုယ်တိုင် တနည်းတဖုံ ပါဝင်ပတ်သက်ခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒကို အခုအချိန်မှာ အပြောင်းအလဲ ကြီးကြီးကျယ်ကျယ် လုပ်စရာမရှိသေးဘူးလို့တော့ ယေဘုယျပြောလို့ရတယ်။ ဒါပေမဲ့ အစိုးရအသစ်တရပ်အနေနဲ့က နိုင်ငံခြားရေးမူဝါဒကို သူတို့နိုင်ငံအကျိုးစီးပွားနဲ့ ယှဉ်ပြီးတော့ ပြန်လည်သုံးသပ်တာတွေရှိမယ်။ ပြင်ဆင်သင့်တာတွေ ပြင်ဆင်တာရှိမယ်။ သုံးသပ်ရမှာစောတယ်။ ဘယ်လိုအစပျိုးလာမယ်၊ ဘယ်လိုအကောင်အထည်ဖော်လာမလဲ ဆိုတာကတော့ စောင့်ကြည့်ကြရမှာဦးမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒေသစံတော်ချိန် ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတထရမ့်ဟာ ကျမ်းသစ္စာကျိန်ဆိုပြီးတာနဲ့ တပြိုင်နက် အိမ်ဖြူတော်မှာ အမိန့်အမြောက်အမြားကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။ 

အဲ့ဒီထုတ်ပြန်ချက်တွေထဲမှာ မြန်မာ့အရေးနဲ့ဆက်စပ်နေတဲ့ ဒုက္ခသည်လက်ခံမှုရပ်ဆိုင်းတာ၊ နိုင်ငံတကာကို ပေးနေတဲ့ အကူအညီတွေကို ရက်ပေါင်း ၉၀ ယာယီရပ်ဆိုင်းပြီး ပြန်သုံးသပ်တာ စတဲ့အချက်တွေ ပါဝင်ပါတယ်။ အကူအညီတွေကိုယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ချက်မှာ လူသားစာနာအကူအညီတွေကို ရပ်ဆိုင်းတာမဟုတ်ဘဲ ဖွံ့ဖြိုးရေးအကူအညီတွေကို ပြန်သုံးသပ်ဖို့ ရပ်ဆိုင်းတာလို့ ဖော်ပြထားတာ တွေ့ရပါတယ်။

Learn and Share- လေ့လာဝေမျှမှ ဦးကိုကိုလေးက “မာကိုရူဘီအိုနဲ့ ကျနော်တို့ တိုက်ရိုက်အဆက်အသွယ်ရှိပြီးသားဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ဒီအမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့သူတွေအနေနဲ့ Advocacy Team ပေါ့နော်၊ အားလုံးပေါင်းပြီးတေ ာ့လုပ်နေတဲ့ ကျနော်တို့စုဖွဲ့မှုရှိပါတယ်။ တိုင်းရင်းသားတွေလည်းပါတယ်။ မြေပြင်အစုအဖွဲ့တွေလည်းပါတယ်၊ ပညာတတ်ကြီးတွေလည်းပါတယ်၊ အားလုံးစုပေါင်းပြီး လုပ်နေတဲ့ Team ကနေပြီးတော့ ကျနော်တို့တွေ ဒီအကူအညီတွေ ရက်ပေါင်း ၉၀ ရက်အတွင်းပြီးတာနဲ့ ချက်ချင်းပြန်ရအောင် ကျနော်တို့ကြိုးစားသွားမှာဖြစ်ပါတယ်။"

ထရမ့်ပ်အစိုးရတက်လာရင် မြန်မာ့အရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှု လျော့နည်းနိုင်တယ်လို့ ခန့်မှန်းချက်တွေရှိနေပေမဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတဲ့ မာကိုရူဘီအိုဟာ မြန်မာအပါအဝင် အရှေ့တောင်အာရှအရေးကို ၂၀၁၀ ဝန်းကျင်ကတည်းက ထဲထဲဝင်ဝင်လေ့လာခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ 

ပထဝီအနေအထားအရ တရုတ်နိုင်ငံနဲ့ ကပ်လျက်တည်ရှိနေတာကြောင့် မြန်မာနဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေအရေးဟာ ကမ္ဘာ့နိုင်ငံရေးမှာ အတိုင်းအတာတခုအထိ အရေးပါနေတာလည်းဖြစ်ပါတယ်။

၂၀၂၁ ခု စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့အခြေအနေတွေကို သမ္မတဘိုင်ဒန်လက်ထက်ကတည်းက ဆီးနိတ်အမတ် မာကိုရူဘီအိုဆီကို သတင်းစကားပေးတာတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ အခုအစိုးရအပြောင်းအလဲဖြစ်ချိန်မှာလည်း မြန်မာ့အရေးကို ကန်လွှတ်တော်အတွင်း သတင်းစကားများများပေးပို့နိုင်ဖို့ အားထုတ်နေတယ်လို့ ဆိုပါတယ်။

Los Angeles Myanmar Movement မှ ဂျိမ်း(စ်)ရွှေ က “သူနိုင်ငံခြားရေးဝန်ကြီးဖြစ်သွားရင် ဆက်သွယ်ရတာ နည်းနည်းခက်သွားတယ်ဗျ။ တရားဝင်ပုံစံနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန Burma Desk ကနေ သွားရတာကိုး။ တိုက်ရိုက်သွားလို့မရဘူး။ ဒါပေမဲ့ သူ ဆီနိတ်တာဖြစ်နေတဲ့အချိန်ဆိုရင် သူ့ရဲ့ဝန်ထမ်းတွေဆီကို ကျနော်တို့က စာရေးလို့ရတာကိုး၊ သူ့ကို ကျနော်တို့ တောင်းဆိုစာတွေ အများကြီးရေးဖူးတယ်။ မြန်မာပြည်မှာ တရုတ်က စကစကို ခြေစုံပစ်ပြီးတော့ ထောက်ခံနေပါတယ်။ ကျနော်တို့ကတော့ တရုတ်နဲ့ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ ဆက်ဆံမှုမျိုး ဖြစ်စေချင်ပါတယ်ပေါ့။ တောင်းဆိုဖူးတယ်ဗျာ။ ကွန်းဂရက်ကလူတွေက ရီပို့တွေအကုန်လုံးကို မဖတ်နိုင်ဘူး။ သူတို့ကို လာပြောတဲ့လူနဲ့ သတင်းစာထဲမှာပါတာတွေနဲ့ကို သူတို့က ဆုံးဖြတ်ချက်ချတာကိုး။ အဲ့ဒီတော့ သူတို့သိအောင်လို့ ကျနော်တို့က စည်းရုံးရေးလုပ်ပြီးတော့ သတင်းပေးရတယ်လေ” လို့ ပြောပါတယ်။

ထရမ့်ပ်အစိုးရအဖွဲ့မှာ နေရာရလာတဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအို၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး မိုက်ဝေါ့လ်ဇ်၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် အယ်လိစ်စတီဖာနစ် တို့အပါအဝင် အများစုဟာ တရုတ်ဆန့်ကျင်ရေးမှာ ဒေါ်နယ်ထရမ့်နဲ့ သဘောထားတိုက်ဆိုင်သူတွေဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို ဝါရှင်တန်ဒီစီမှာ ဖွင့်လှစ်ထားပြီး အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်အောင်ကြိုးစားနေသလို ၂၀၂၄ နှစ်ကုန်ပိုင်းမှာ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး ဒေါက်တာဆာဆာက လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံမှုတွေပြုလုပ်ခဲ့ပြီး ရလဒ်ကောင်းတွေရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013