
အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဂျာဗားပြည်နယ်၊ ပီကာလောင်ဂန်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်း ခဲ့ရာမှ မြေပြိုမှု ဖြစ်ပွားခဲ့ပြီးတော့ ဇန်နဝါရီ ၂၄ ရက်အထိ သေဆုံးသူ အရေအတွက်ဟာ အနည်းဆုံး ၂၅ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။
ဇန်နဝါရီ ၂၁ ရက်ကတည်းက သေဆုံးသူ ၁၇ ဦး ရှိခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်မှာလည်း ရာသီဥတုဆိုးရွားမှုကြောင့် အင်ဒိုနီးရှား ကယ်ဆယ်ရေးသမားတွေဟာ ရှာဖွေရေးလုပ်ငန်းတွေကို ခေတ္တရပ်နားခဲ့ရပါတယ်။
အဲဒီနေရာဆီ ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေကို စေလွှတ်ထားပါတယ်။
ဆယ်မားရန်င် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး (BASARNAS) အဖွဲ့ အကြီးအကဲ ဘူဒီယိုနိုက “ဒီမြေပြိုမှုအတွက် အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီးတော့ တချို့အစီရင်ခံစာတွေမှာ ဒီဒေသမှာ အချိန်အတော်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တယ်”လို့ ဖော်ပြထားပြီး ဒါဟာ အဓိက အကြောင်းရင်းဖြစ်တယ်လို့ ဆိုပါတယ်။
အသက် ၆၅ နှစ်အရွယ် ရွာသား တာမာရီက မြေပြိုတဲ့နေရာကို မရောက်ဖူးပေမဲ့ အဲဒီနေရာမှာ နေထိုင်ကြတဲ့ သားသမီးတွေနဲ့ မြေးတွေက သူတို့မိသားစုတွေကို ကယ်တင်နိုင်ခဲ့ကြပြီးတော့ အသက်ရှင်ခဲ့ကြပေမဲ့ ရွာသူကြီးတွေရဲ့ အိမ်တွေအပါအဝင် နေအိမ်တွေ အကုန်လုံး ပျက်စီးသွားတယ်လို့ ပြောပါတယ်။
သူ့တသက်တာလုံးမှာ အခုတကြိမ်ပဲ မြေပြိုမှုကို ကြုံခဲ့ဖူးတာဖြစ်ကြောင်းနဲ့ အရင်တုန်းက တိုင်ဖွန်းလေပြင်း တိုက်ခတ်လို့ လူတွေရဲ့ နေအိမ်တွေ ပျက်စီးတာလောက် ဖြစ်ခဲ့ပြီး အခု ဒီလောက်ထိ ဆိုးဆိုးရွားရွား မဖြစ်ခဲ့ဖူးဘူးလို့လည်း ဆိုပါတယ်။
ဇန်နဝါရီ ၂၂ ရက်ကတော့ ကယ်ဆယ်ရေးသမားတွေဟာ ရေတွေဖြန်းပြီးတော့အပျက်အစီးတွေကို ရှင်းလင်းကာ ရွှံ့နွံထဲမှာ နစ်မြုပ်နေတဲ့ မော်တော်ဆိုင်ကယ်တွေလို ပစ္စည်းတွေကို တူးထုတ်ဖော်ယူ ခဲ့ကြပါတယ်။
Source : Reuters










