
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ထောင့်ချိန်ကျေးရွာကို ဇန်နဝါရီ ၂၃ ရက် ညအချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ည ၁၁ နာရီကျော်လောက်မှာ ထောင့်ချိန်ကျေးရွာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို ဂျက်ဖိုက်တာ ၂ စင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသား၁ ယောက်က နေရာမှာတင် သေဆုံးခဲ့သလို ရွာသား ၁ ယောက်နဲ့ စစ်ဘေးရှောင် အမျိုးသား ၁ ယောက် ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ရမ်းဗြဲဒေသခံတယောက်က ပြောပါတယ်။
“ည ၁၁ နာရီမှာ ဂျက်ဖိုက်တာ ၂ စင်းနဲ့ ၂ ကြိမ်လာပစ်သွားတာ။ ဘုန်းကြီးကျောင်းကို တကြိမ်နဲ့ စာသင်ကျောင်းကိုတကြိမ် လာပစ်သွားတာဖြစ်တယ်။ ဘုန်ကြီးကျောင်းမှာနေတဲ့ ကျေးရွာသား တယောက်က နေရာမှာတင်ဆုံးသွားတယ်။ နောက်ထပ် ရွာသားတယောက်နဲ့ စစ်ရှောင် တယောက်လည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်။ စစ်ကောင်စီက ဘာစစ်ရေးပစ်မှတ်မှမရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို တမင်ရွယ်ရည်ပြီး လာပစ်သွားတာ” လို့ပြောပါတယ်။
သေဆုံးသွားသူဟာ ရမ်းဗြဲမြို့နယ်၊ ထောင့်ချိန်ကျေးရွာက ကိုမောင်ခင်အေးဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသွားသူတွေကတော့ ထောင့်ချိန်ကျေးရွာက ကိုကျော်စွာထွန်းနဲ့ တောင်ကုတ်မြို့က စစ်ဘေးရှောင်နေတဲ့ ကိုမျိုးမင်းနိုင်တို့ ဖြစ်ကြပါတယ်။
အခု ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ထောင့်ချိန်ကျေးရွာဟာ ကျောက်နီမော်ကျေးရွာနဲ့နီးပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့ကလည်း ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၂၆ ယောက် သေဆုံး၊ ၂၈ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ် ၄၀၀ လောက် ထိခိုက်ပျက်စီးခဲ့ပါတယ်။
နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ အာရက္ခတပ်တော် AA က ကြေညာချက်ထုတ်ပြီးနောက်မှာ ရခိုင်ပြည်အတွင်းကအရပ်သားတွေကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်လာတာဟာ စစ်ပွဲကို ရပ်ချင်တဲ့ ဆန္ဒမရှိဘူးဆိုတာကိုပြသနေတာလို့ ရခိုင်စစ်ရေး အကဲခတ်တယောက်က ပြောပါတယ်။
“စစ်ကောင်စီက ရခိုင်မှာရှုံးနိမ့်နေတာကို လက်ခံပုံမပေါက်သေးဘူး။ အာရက္ခတပ်တော်က နိုင်ငံရေးနည်းနဲ့အဖြေရှာကြဖို့ လမ်းဖွင့်ထားတာတောင် အရပ်သားတွေကိုပစ်မှတ်ထား တိုက်ခိုက်နေခြင်းဟာ သူတို့အနေနဲ့ စစ်ကိုရပ်ချင်ပုံမပေါက်ဘူး။ သူတို့အနေနဲ့ စစ်ပွဲကို ဆက်တိုက်ချင်ဟန်သဘောရှိပြီး ရခိုင်မှာဖျက်ဆီးမှုတွေကို ဒီထက်လုပ်လာနိုင်သေးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ အရပ်သားတွေကိုပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ ပိုလုပ်လာလို့ ပြည်သူတွေအနေနဲ့ ဖုန်းနဲ့ အင်တာနက်ကို သတိထားသုံးစွဲကြဖို့ကိုလည်း AA က သတိပေးထားပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ် ၁၅ ခုအထိကို AA က သိမ်းပိုက်ထားပြီး စစ်ကောင်စီကတော့ မြို့တော် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။










