
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နှင့် လေးတောင်မြို့နယ်ကို ဆက်သွယ်ဆောက်လုပ်ထားတဲ့ ထန်းပြိန်တံတား ကျိုးသွားလို့ ကျေးရွာ ၁၀ ရွာခန့် သွားလာရေး အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။
ဇူလိုင် ၁၂ ရက်က ရမ်းဗြဲနဲ့ လေးတောင် ဒေသခံတွေရဲ့ အဓိက လမ်းတခုဖြစ်တဲ့ သံဘောင်ဘေလီ ပျဥ်ခင်းတံတားကြီး ကျိုးသွားတာလို့ လေးတောင်ဒေသခံတယောက်က ပြောပါတယ်။
“တံတားကျိုးပျက်သွားတာက မိုးရွာလို့ ကမ်းပါးတွေ ရေတိုက်စားလို့ ဖြစ်သွားတာ။ ဒီတံတားက ယခင်အစိုးရလက်ထက်ကဆောက်ပေးထားတာ ဆယ်နှစ်ကျော်ပြီ။ ဒီတံတားကပဲ ရမ်းဗြဲမြို့နဲ့ လေးတောင်ကို သွားကြရတာ။ ကူးသန်းရောင်းဝယ်ရေး၊ ပညာရေးကအစပေါ့ အစစအရာရာပါပဲ။ အခုတံတား ပျက်သွားလို့ တော်တော်လေးကို အခက်တွေ့နေကြတာ။”
အဆိုပါတံတားဟာ အရှည်ပေ ၁၂၀ ခန့်ရှိပြီး ကုန်ကားတွေနဲ့ လူသွားလူလာ များပြားတဲ့အတွက် ခိုင်ခံ့တဲ့ တံတားအဖြစ် တည်ဆောက်ပေးစေလိုတယ်လို့ ရမ်းဗြဲဒေသခံတယောက်က ပြောပါတယ်။
“ဒီတံတားက မကြာမကြာ သစ်သားတွေ ကျိုးတယ်၊ ပျက်တယ်။ တံတားကို ခိုင်ခံ့အောင် ဆောက်ပေးစေချင်တယ်။ သက်ဆိုင်ရာအစိုးရကိုအကူညီတောင်းခံပါတယ်။"
တံတားဟာ ရမ်းဗြဲ-လေးတောင်လမ်းပေါ်မှာတည်ရှိကာ ၂၀၁၃-၁၄ ခုနှစ်က ယခင်အုပ်ချုပ်ခဲ့တဲ့ အစိုးရလက်ထက်ကတည်းက ဆောက်လုပ်ပေးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ထန်းပြိန်၊ ရှောက်ချောင်း၊ စပါးရိုင်၊ ကျောက်ရိုးဆစ်၊ ခမောင်းဆည်နဲ့ ထိန်တွေ စတဲ့ ကျေးရွာ အပါအဝင် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံပြည်သူတွေ သွားလာရေး အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။










