
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ လောင်တလိုင်မြို့နယ်နဲ့ လောင်လေမြို့နယ်တို့မှာ ကားလမ်းတွေ မြေပြိုပြီး အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းတွေအပေါ်မှာ ရိုက်ခတ်နေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
အမျိုးသားအဝေးပြေးလမ်း အမှတ် ၅၄ (NH-54)လမ်း လောင်တလိုင်- ဆိုင်းဟာလမ်းပိုင်းရှိ ဘွာလ်တေကျေးရွာအနီးမှာ ဇူလိုင် ၁၃ ရက်က မြေပြိုကျလို့ ကုန်ကားတွေနဲ့ ခရီးသွား ၂၀၀ ထက်မနည်း ပိတ်မိနေကြတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။
ရခိုင်ကုန်သည်တယောက်က “မီဇိုရမ်ဘက်မှာ မိုးရာသီဆိုရင် လမ်းတွေက အမြဲတမ်း မြေပြိုမှု ဖြစ်တယ်။ အခုလည်း လောင်တလိုင်-ဆိုင်းဟာ လမ်းပိုင်းမှာ မြေပြိုမှုတွေ ဆက်တိုက်ဖြစ်နေတာ ကြောင့် ကုန်ကားတွေ၊ ခရီးသည်တွေ ပိတ်ဆို့နေကြတာတွေ ရှိကြတယ်။ မိုးတွင်းရာသီ မြေပြိုပြီး လမ်းတွေပိတ်တာတွေ ရှိတာကြောင့် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းတွေမှာ ကြန့်ကြာမှုတွေရှိပြီး တာရှည်ထားမခံတဲ့ စားသောက်ကုန်တွေဆို ပျက်စီးဆုံးရှုံးမှုတွေ ရှိကြတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ အဝေးပြေးလမ်းမကြီးရှိ မြေပြိုပျက်စီးတာကို ပြည်နယ်အစိုးရက စက်ယန္တရားတွေနဲ့ ရှင်းလင်းနေပေမဲ့ မိုးသည်းထန်စွာ ရွာနေလို့ မြေပြိုမှုတွေ ဆက်တိုက်ဖြစ်နေတာလို့ ကုန်သည်တွေက ပြောကြပါတယ်။
ဇူလိုင် ၁၁ ရက်ကလည်း လောင်တလိုင်မြို့နယ် တက်ပုချေကျေးရွာမှာ ကမ်းပါးပြိုကျပြီး ရခိုင်ကုန်သည်တွေ ပစ္စည်းသိုလှောင်ထားတဲ့ အိမ်တွေ ပြိုကျခဲ့တာကြောင့် ကုန်စည်အများအပြား ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ စားသောက်ကုန်၊ စက်သုံးဆီ၊ ဆေးဝါးအတွက် မီဇိုရမ်ပြည်နယ်ကို အဓိက အားထားနေကြရတာဖြစ်ပြီး မိုးတွင်းကာလ လမ်းခရီး ကြမ်းတမ်းမှုတွေကြောင့် ကုန်သည်တွေဟာ ပျက်စီးဆုံးရှုံးတာ များပြားကြတယ်လို့ ကုန်သည်တွေက ပြောကြပါတယ်။
နောက်ထပ် ရခိုင်ကုန်သည်တယောက်က “မိုးတွင်းဆိုရင် ကုန်သွယ်ရတာ အရမ်းခက်ခဲတယ်။ မြေပြိုမှုတွေဖြစ်တော့ လမ်းတွေ ပိတ်ဆို့မှုက မကြာခဏဖြစ်ကြတယ်။ အဲဒီလိုပိတ်သွားရင် ခန့်မှန်ထားတာထက် ရက်ကြာသွားပြီး ကုန်စည်တွေ ပျက်စီးမှုများတယ်။ အထူးသဖြင့် တာရှည်မခံတဲ့ စားသောက်ကုန်တွေ ကုန်သွယ်တဲ့ ကုန်သည်ဆိုရင် ပိုပြီး အထိနာကြတယ်” လို့ ပြောပါတယ်။
ရခိုင်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်အာဏာရှင်တပ်က ကုန်သည်စီးဆင်းခွင့် အားလုံးကို ကန့်သတ်ထားတာကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကတဆင့် ကုန်သွယ်နေကြတာလည်း ဖြစ်ပါတယ်။
မီဇိုရမ်ပြည်နယ်မှာ ရာသီဥတု ဆိုးရွာမှုတွေကြောင့် သွားလာရေး အနှောင့်အယှက်တွေ ဖြစ်ပေါ်လာနိုင်သလို ခရီးသွားတွေအတွက်လည်း အန္တရာယ်ကြီးမားနိုင်ကြောင်း သတိပေးထားပြီး ရာသီဥတုအခြေအနေ ကောင်းမွန်လာတဲ့အထိ မီဇိုရမ်ကို မလာကြဖို့ ပြည်နယ် ခရီးသွားလုပ်ငန်းဌာနက ထုတ်ပြန်ထားပါတယ်။










