DVB Logo
Home
မြန်မာသတင်း
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၌ ရုရှားနိုင်ငံက ပါဝင်နိုင်ဖွယ်ရှိနေ
DVB
·
January 24, 2025
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၌ ရုရှားနိုင်ငံက ပါဝင်နိုင်ဖွယ်ရှိနေ
Donate to DVB

ကာလရှည်ကြာ ရပ်ဆိုင်းထားခဲ့ရတဲ့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ရုရှားနိုင်ငံအနေနဲ့ တရုတ်၊ အိန္ဒိယနိုင်ငံတွေနဲ့ ပူးပေါင်းပါဝင်နိုင်ဖွယ် ရှိနေတဲ့အကြောင်း Bangkok Post သတင်းမှာ ဇန်နဝါရီ ၂၃ ရက်က ဖော်ပြပါတယ်။

စစ်ကောင်စီအာဘော် ပြန်ကြားရေးဝန်ကြီးဌာန သတင်းမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး အီစကန်ဒါ အာဇီဇော့ဗ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်မှာ ထားဝယ်မြို့ကို သွားရောက်ခဲ့ပြီး စစ်ကောင်စီခန့် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ ထားဝယ်အထူးစီးပွားရေးဇုန်ဥက္ကဋ္ဌအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ သတင်းမှာ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အသေး စိတ်ဆွေးနွေးမှုတွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နိုင်ငံတောင်ပိုင်း တန်ချိန် နှစ်သိန်းကျော်အထိ သင်္ဘောတွေ ဆိုက်ကပ်နိုင်တဲ့ ထားဝယ်ဆိပ်ကမ်းစီမံကိန်းကို ပြန်စတင်ဖို့ ရုရှားအကူအညီရရှိနိုင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း ရုရှားသတင်းဌာန ITAR-TASS ကို ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ဖြေကြားခဲ့ဖူးပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာကျားကလည်း ရင်းနှီးမြှုပ်နှံမှု၊ ငါးဖမ်းလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနဲ့ တခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ အမြင်ချင်းဖလှယ်ဖို့အတွက် စစ်ကောင်စီခန့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့ အခုလအစောပိုင်းတုန်းက တွေ့ဆုံခဲ့ပါ သေးတယ်။

အာဏာသိမ်းစစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ကနဦးလုပ်ကိုင်ခွင့်ရရှိထားတဲ့ အီတာလျံ- ထိုင်း ကုမ္ပဏီနေရာမှာ ရင်းနှီးမြှုပ်နှံသူအသစ်နဲ့ အစားထိုး လုပ်ကိုင်သွားမယ်လို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလထဲမှာ ပြောထားခဲ့တာပါ။

အဆိုပါစီမံကိန်းကို လုပ်ကိုင်ခွင့်ရရှိထားတဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီဟာ လုပ်ငန်းဆောင် ရွက်ရာမှာ ကြန့်ကြာမှုရှိတဲ့အပြင် ဘဏ္ဍာရေးဆိုင်ရာ တာဝန်တွေ ပျက်ကွက်တာ၊ ဘဏ္ဍာငွေ အထောက်အထား မတင်ပြနိုင်တာ စတာတွေကြောင့် ယင်းကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ လုပ်ငန်းဆောင်ရွက်ခွင့် စာချုပ်အားလုံးကို ၂၀၂၀ နှစ်ကုန်ပိုင်းကတည်းက ဖျက်သိမ်းထား တယ်လို့လည်း ဆိုပါတယ်။

Bangkok Post သတင်းမှာတော့ ရုရှားသံအမတ်ကြီးအနေနဲ့ တနင်္သာရီတိုင်းဒေသကြီးထဲက ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားကဏ္ဍတွေမှာ စိတ်ဝင်စားမှုကို ဖော်ပြခဲ့ပြီး မြိတ်ခရိုင် ကမ်းခြေနဲ့ ကျွန်းတွေလို ခရီးသွားနေရာတွေ၊ မြိတ်ကျွန်းစုက ဟိုတယ်စီမံကိန်းတွေထဲ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို မေးမြန်းခဲ့တယ်လို့ ဖော်ပြပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဟာ အရှေ့တောင်အာရှမှာ အကြီးဆုံး စီးပွားရေးဇုန် ဖြစ်လာမယ့်စီမံကိန်းတခုဖြစ်ပြီး  အရှေ့ အနောက် စီးပွားရေး စင်္ကြံနဲ့ တောင်ဘက်ခြမ်း စီးပွားရေး စင်္ကြံတို့ကို ချိတ်ဆက်ထားနိုင်မှာဖြစ်လို့ မဟာဗျူဟာမြောက် အချက်အချာကျတဲ့ နေရာမှာ တည်ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013