အမေရိကန်လေတပ်က B-52 ဗုံးကြဲလေယာဉ်တစင်းဟာ ဇွန် ၁၅ ရက်က ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း၊ အက်ဒ်ဝပ်လေတပ်စခန်းကနေ ပျံတက်ပြီးချင်းမှာပဲ ပျက်ကျခဲ့တာကြောင့် ဘိုးအင်းအမှုထမ်း ၂ ယောက် အပါအဝင် ၈ ယောက် သေဆုံးခဲ့ပါတယ်။
အဲဒီလေယာဉ်ဟာ လေတပ်စခန်းရဲ့ ရေဒါအဆင့်မြှင့်တင်ရေးအစီအစဉ်အတွက် ပုံမှန်စမ်းသပ်ပျံသန်းမှုကို လုပ်ဆောင်နေတာလို့ လေတပ်ဗိုလ်မှူးကြီး ဂျိမ်းစ်ဟေးစ်က ပြောပါတယ်။
“ဒီနေ့ဟာ အက်ဒ်ဝပ်လေတပ်စခန်းအတွက် အလွန်ဆိုးရွားတဲ့ အဖြစ်ဆိုးတခုဖြစ်ပြီး နိုင်ငံသား ၈ ယောက် ဆုံးရှုံးလိုက်ရတယ်။”
လေယာဉ်ပျက်ကျမှုကို အက်ဒ်ဝပ်လေတပ်စခန်း ပြေးလမ်းပေါ်မှာပဲ အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဟေးစ်က ပြောပြီး လတ်တလောမှာတော့ လေတပ်စခန်းရဲ့ ပျံသန်းမှုလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားပါတယ်။
ပျက်ကျရတဲ့ အကြောင်းရင်းကို အတိအကျမသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ ဂျိမ်းစ်ဟေးစ်က ဆိုပါတယ်။
ဘိုးအင်းကုမ္ပဏီကလည်း သူတို့ဝန်ထမ်း ၂ ယောက် သေဆုံးခဲ့တာကို အတည်ပြုထားပြီး မိသားစုဝင်တွေနဲ့ ဆက်သွယ်လုပ်ဆောင်နေပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆမ်ကလည်း ဒီဝမ်းနည်းစရာဖြစ်ရပ်အတွက် မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းရကြောင်း လူမှုကွန်ရက်ကနေ ပြောပါတယ်။
အခုပျက်ကျခဲ့တဲ့ B-52 လေယာဉ်အမျိုးအစားဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေကတည်းက အမေရိကန်စစ်တပ်မှာ စတင်အသုံးပြုခဲ့တာပါ။
ဒီဗုံးကြဲလေယာဉ်တွေဟာ လက်ရှိ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်စစ်ပွဲမှာလည်း ပါဝင်နေတဲ့ ခရီးဝေးသွား ဗျူဟာမြောက် လေယာဉ်အမျိုးအစား ဖြစ်ပါတယ်။










