DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် စစ်မှုထမ်းကြေးကို အိမ်ငှားနှင့်စစ်ရှောင်များထံမှ ကောက်ခံနေသဖြင့် အခက်ကြုံ
DVB
·
January 23, 2025
ဘားအံတွင် စစ်မှုထမ်းကြေးကို အိမ်ငှားနှင့်စစ်ရှောင်များထံမှ ကောက်ခံနေသဖြင့် အခက်ကြုံ
Donate to DVB

ဘားအံမြို့မှာ စစ်မှုထမ်းကြေးအဖြစ် ငွေကောက်ခံရာမှာ မြို့ခံတွေအပြင် အိမ်ငှားနဲ့ စစ်ရှောင်နေအိမ်တွေပါ ကောက်ခံတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အိမ်ငှားနေထိုင်သူတွေက ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကော့ကရိတ်၊ ကမမောင်း၊ ဖာပွန်မြို့နယ်အတွင်းက ဒေသခံပြည်သူတွေဟာ ဘားအံမြို့ကို ထွက်ပြေးတိမ်းရှောင်လာသူတွေ ရှိပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ အလုပ်အကိုင်မရှိတဲ့အပြင် အခက်အခဲအမျိုးမျိုးကြားကနေ အိမ်ငှားနေထိုင်နေရပါတယ်။ ဒီဇင်ဘာလကစတင်ပြီး ဘားအံမြို့မှာ စစ်မှုထမ်းကြေးအဖြစ် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လုပ်ငန်းရှိသူ တအိမ်ထောင်ကို ကျပ် ၁ သိန်း၊ သာမန်မိသားစုတအိမ်ထောင် ကျပ် ၁ သောင်း၊ အိမ်ငှားနဲ့ စစ်ဘေးရှောင်တွေက ကျပ် ၅ ထောင်  မဖြစ်မနေကောက်ခံနေပါတယ်။ အခုလို ငွေကောက်ခံတာကြောင့် အိမ်ငှားနေထိုင်သူတွေနဲ့ အခြေခံလူတန်းစားတွေအတွက် အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။

အိမ်ငှားနေထိုင်သူတယောက်က “လူတွေမှာ အခက်အခဲဖြစ်တာပေါ့။  ဆိုးဆိုးဝါးဝါးခံစားရတာပေါ့။ အိမ်ငှားတဲ့ သူတွေဆိုရင်လည်း အိမ်လခတွေက တက်တယ်။  လခစားသမားတွေဆိုရင် လစာက မတက်ဘူး။ အိမ်လခတော့ တက်တယ်။ စစ်ဘေးရှောင်သမားတွေဆိုရင်လည်း ဒီလိုပဲ။ အခက်အခဲတွေနဲ့ ကြုံတွေ့ရတာပေါ့။ ကုန်ဈေးနှုန်းတွေကလည်း တက်တော့။ ကုန်ဈေးနှုန်းက အခုဆို အကုန်လုံး ပြန်တက်နေတယ်လေ။ ပိုပြီးတော့ ဒုက္ခတွေနဲ့ ရင်ဆိုင်ရတယ်။ စားဖို့သောက်ဖို့ မနည်းရုန်းကန်နေရတယ်” လို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေအများစုဟာ ထွက်ပြေးတိမ်းရှောင်လာစဉ်နောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့ မီးလောင်ဗုံးချ တိုက်ခိုက်တာတွေကြောင့်  နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ စစ်ရှောင်ပြည်သူတွေကို စစ်မှုထမ်းကြေးအဖြစ် ငွေကောက်ခံတာက မကောက်သင့်သလို့ မလုပ်ထိုက်ဘူးလို့ ရပ်မိရပ်ဖတွေက ပြောပါတယ်။

ရပ်မိရပ်ဖတယောက်က  “ဘယ်သွားကောက်သင့်မလဲ။ မကောက်သင့်တာမဟုတ်ဘူး။ မလုပ်သင့်ဘူး။  မလုပ်သင့် မလုပ်ထိုက်ဘူး။ အဆင်ပြေတဲ့ သူကတော့ အကြောင်းမဟုတ်ဘူး။  အခံရှိတဲ့သူက အကြောင်းမဟုတ်ဘူး။ ဘာမှ မရှိတဲ့သူကျ သေပေါ့။  အခုအဲ့လိုဖြစ်နေတယ်။ ကျနော်တို့တောင် စဉ်းစားမိတယ်။ ဘယ်လိုလုပ် နေထိုင်စားသောက်ကျမလဲလို့။ အဓိက စားဝတ်နေရေးလေ” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာဈေးမြင့်တက်တာ၊ ကုန်ဈေးနှုန်းမြင့်တက်တာ၊ အလုပ်အကိုင် ရှားပါးတဲ့အပြင် ကရင်ပြည်နယ်အတွင်းက ပြည်သူတွေဟာ တိုက်ပွဲတွေနဲ့ပါ ထပ်မံရင်ဆိုင်ခဲ့ရပါတယ်။ 

ဒေသခံပြည်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမဲ့ အာဝါဒေး လောင်ကစားဝိုင်းတွေကြောင့် ခိုး၊ ဆိုး၊ လု၊ နှိုက်တွေ ပေါများလာတယ်လို့ ဘားအံမြို့ ရပ်မိရပ်ဖတွေက ပြောပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013