DVB Logo
Home
နိုင်ငံတကာ
ဂျနင်းမြို့ကို အစ္စရေး စီးနင်းတိုက်ခိုက်၊ ပါလက်စတိုင်း ၉ ဦး သေဆုံး
DVB
·
January 22, 2025
ဂျနင်းမြို့ကို အစ္စရေး စီးနင်းတိုက်ခိုက်၊ ပါလက်စတိုင်း ၉ ဦး သေဆုံး
Donate to DVB

ဂါဇာအပစ်အခတ်ရပ်စဲမှု စတင်ခဲ့ပြီးနောက် ၃ ရက်အကြာမှာပဲ အစ္စရေးစစ်တပ်က အနောက်ဘက်ကမ်းမှာရှိတဲ့ ဂျနင်းမြို့ကို အကြီးစားစစ်ဆင်ရေးတခု ပြုလုပ်ခဲ့ပါတယ်။

ဒီစစ်ဆင်ရေးအတွင်း အသက် ၁၆ နှစ်အရွယ် ယောကျ်ားလေးတယောက် အပါအဝင် ပါလက်စတိုင်း အမျိုးသား ၉ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၃၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

အစ္စရေးတပ်ဖွဲ့ဝင် အများအပြားက ဒရုန်းတွေ၊ ရဟတ်ယာဉ်တွေ၊ သံချပ်ကာယာဉ်တွေ၊ ဘူဒိုဇာတွေနဲ့အတူ ဂျနင်းမြို့နဲ့ ဒုက္ခသည်စခန်းကို ဝင်စီးနင်းခဲ့တာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ဆက်တိုက်ဖော်ဆောင်ခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဂျနင်းမြို့မှာ “အကြမ်းဖက်ဝါဒ အမြစ်ဖြတ်နိုင်ဖို့” အတွက် ကျယ်ပြန့်ပြီး အရေးပါတဲ့ စစ်ဆင်ရေးတခုကို စတင်ခဲ့တယ်လို့ အတည်ပြုပါတယ်။

အဲဒီမတိုင်ခင် အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ကျူးကျော်နေထိုင်သူတွေက ပါလက်စတိုင်းတွေရဲ့ ကားတွေ၊ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အနောက်ဘက်ကမ်းအခြေစိုက် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ ဝန်ကြီးချုပ် မိုဟာမတ် မူစတာဖာ ကလည်း အစ္စရေးရဲ့ စီးနင်းမှုကို ရှုတ်ချခဲ့ပါတယ်။

အစ္စရေးဘက်ကတော့ အီရန်နိုင်ငံဟာ အနောက်ဘက်ကမ်းမှာရှိတဲ့ ဟားမတ်စ်နဲ့ PIJ လိုမျိုး အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့တွေကို လက်နက်နဲ့ ငွေကြေးတွေ လျှို့ဝှက်ထောက်ပံ့ရင်း မငြိမ်မသက်ဖြစ်အောင် ဖန်တီးနေတယ်ဆိုပြီး စွပ်စွဲထားပါတယ်။

ဒါကြောင့် ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ်ဒ် (PIJ) နဲ့ ဟားမတ်စ်ကလည်း အစ္စရေးအပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်ပြီး လက်တုံ့ပြန်ဖို့အတွက် ပါလက်စတိုင်းတွေကို တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ပ်ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်လောင်း အလိစ် စတက်ဖားနစ်ခ် ကတော့ အစ္စရေးဟာ “အနောက်ဘက်ကမ်းတခုလုံးကို သမ္မာကျမ်းစာအရ ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုပြီး” မှတ်ချက်ပြုပါတယ်။

အမေရိကန်နိုင်ငံဟာ အစ္စရေးအပေါ် အကာအကွယ်ပေးမှုတွေ ဆက်လုပ်သွားမှာဖြစ်သလို ထရမ့်ပ်ရဲ့ “အမေရိကန် ဦးစားပေး” မူဝါဒအတိုင်း အကောင်အထည်ဖော်သွားမယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

၁၉၆၇ အရှေ့အလယ်ပိုင်းစစ်ပွဲမှာ အနောက်ဘက်ကမ်းဒေသကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အစ္စရေးက ဂျူးလူမျိုး ၇ သိန်းလောက် အခြေချနေထိုင်နိုင်မယ့် နေရာ ၁၆၀ နီးပါး တည်ဆောက်ပေးခဲ့ပါတယ်။

ဒါဟာ နိုင်ငံတကာဥပဒေအရ တရားမဝင်ပေမဲ့လည်း အစ္စရေးနဲ့ ထရမ့်ပ် အစိုးရကတော့ ဒီအချက်ကို ငြင်းဆိုခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013