
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းမှာ တရားမဝင် ဆားငန်တာ ၉ ခုကို အာရက္ခတပ်တော် (ULA/AA) က ဖျက်သိမ်းလိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ ဆားငန်တာ ၉ ခုဟာ ဆီးအိုးကျ၊ ကြိမ်ချောင်း၊ ခြုံညိုလိပ်၊ နနွင်းတူးနဲ့ ကန်ဒက်ကျေးရွာ တွေမှာ ရှိတာပါ။
ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို နှစ်ပေါင်းများစွာ ထိခိုက်စေခဲ့တာကြောင့် တရားမဝင် ဆားငန်တာ ၉ ခုကို ULA/AA က ဇူလိုင် ၂၀ ရက်မှာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖျက်သိမ်းခွင့်ပြုလိုက်တယ်လို့ ULA/AA နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
"ဆားငန်တာ ပုစွန်တာပေါ့ဗျာ။ လုပ်ထားတာက လယ်မြေတွေ၊ ချောင်းတွေကိုလုပ်ထားတာ။ ပြီးတော့ ဆားငန်ရေကို သွင်းထုတ်တာမျိုး လုပ်တာဆိုတော့။ ဘေးနားက လယ်စိုက်တဲ့ လယ်ကွင်း တွေ ဒီဆားငန်ရေကြောင့် ပျက်စီးတယ်။ နှစ်ရှည်လများ လယ်သမားတွေ နစ်နာလာတာ။ တာလုပ်တဲ့သူအတွက် ပိုက်ဆံရပေမဲ့ လယ်လုပ်တဲ့သူတွေဆုံးရှုံးလို့ အခုလိုဖျက်လိုက်တာ။”
ဆားငန်တာတွေ ဖျက်သိမ်းလိုက်တာကြောင့် နှစ်ပေါင်းများစွာ အသုံးမပြုနိုင်ခဲ့တဲ့ လယ်ယာမြေဧက ၃၅၀ ကို ပြန်လည်စိုက်ပျိုးနိုင်ဖို့နဲ့ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည် ကောင်းမွန်လာဖို့ မျှော်လင့်နေကြတယ်လို့ လယ်သမားတယောက်က ပြောပါတယ်။
“တခုဖျက်ရင် တခုကောင်းကျိုးရမယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ လယ်သမားတွေရဲ့ တောင်းဆို မှုကို ULA/AA ဘက်က အခုလို လက်ခံပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။”
ဆားငန်တာတွေကြောင့် ဒေသခံအိမ်ထောင်စု ၄,၄၁၈ စု၊ လူဦးရေ ၁၆,၅၃၀ နဲ့ လယ်သမား ၆၇ ယောက်တို့ရဲ့ လူမှုစီးပွားဘဝတွေ ထိခိုက်ခဲ့ပြီး လယ်ယာမြေဧက ၃၅၀ လောက်လည်း နှစ်စဉ် ဆားငန်ရေဝင်ရောက်မှုကြောင့် စိုက်ပျိုးလို့မရ ဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
လယ်သမားတွေက ဆားငန်တာတွေ ဖျက်သိမ်းပေးဖို့ တင်ပြခဲ့ပြီးနောက် ULA/AA က မြေပြင် ကွင်းဆင်းစစ်ဆေး စိစစ်မှုတွေအပြီးမှာ ဆားငန်တာ ၉ ခုကို ဖျက်သိမ်းဖို့ ခွင့်ပြုခဲ့ပြီး လုပ်ငန်းရှင် တွေကလည်း ဒေသခံတွေနဲ့ ပူးပေါင်းကာ တာတမံတွေကို ဖောက်ဖျက်ခဲ့တယ်လို့ သိရပါတယ်။











