DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာမွတ်စလင်များအပေါ် စစ်တပ်ကအစုလိုက်သတ်ဖြတ်ခဲ့မှု ရှုတ်ချပွဲ ဘူးသီးတောင်၌ ကျင်းပ
DVB
·
August 27, 2026
ရိုဟင်ဂျာမွတ်စလင်များအပေါ် စစ်တပ်ကအစုလိုက်သတ်ဖြတ်ခဲ့မှု ရှုတ်ချပွဲ ဘူးသီးတောင်၌ ကျင်းပ
1 / 6
Photo: APM
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ မွတ်စလင်တွေအပေါ် မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ်က အစုလိုက်အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်ခဲ့မှုအပေါ် ရှုတ်ချပွဲတခုကို ဘူးသီးတောင် မြို့နယ်မှာ ဩဂုတ် ၂၆ ရက်က ကျင်းပခဲ့ပါတယ်။

အဲဒီ လူမျိုးတုံးသတ်ဖြတ်မှု ရှုတ်ချပွဲကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ မောင်တောခရိုင် တာဝန်ရှိသူတွေ၊ မွတ်စလင်ရေးရာကောင်စီ အကြီးအကဲနဲ့ အဖွဲ့ဝင်တွေ၊ ဂျူရီအကြီးအကဲတွေ၊ ပါတီလူငယ်အင်အားစု အပါအဝင် စစ်ဘက်၊ အရပ်ဘက်က တာဝန်ရှိသူတွေ၊ မွတ်စလင် ပြည်သူတွေနဲ့ ရခိုင်ပြည်သူတွေအပါအဝင် လူဦးရေ ၃၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ ULA နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအနေ အာရက္ခပြည်တွင်း မှီတင်းနေထိုင်သူ အားလုံးအပေါ်မှာ လေးစားမှုနဲ့ လူသားချင်းစာနာမှု ရှိတယ်ဆိုတာကို ပြသတဲ့အနေနဲ့ မွတ်စလင် လူထုရဲ့ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုကို ရှုတ်ချပွဲ ကျင်းပခဲ့တာရှိတယ်။ အထူးသဖြင့် မြန်မာစစ်တပ်ရဲ့ လူမဆန်တဲ့ သတ်ဖြတ်မှုတွေဟာ သမိုင်းမှာ အမြဲမှတ်တမ်းတင် ရှိနေမှာဖြစ်ပြီး ဒီလို စစ်ရာဇဝတ်မှု တွေကိုလည်း ရှုတ်ချတဲ့ အတွက်ကြောင်း ထိခိုက်နစ်နာသူ လူထုနဲ့ အတူရပ်တည်တာ။ အဓိကတော့ ဒီအစုအပြုံလိုက် လူသတ်မှုမှာ ပါဝင်ပတ်သက်တဲ့ စစ်ရာဇဝတ်တရားခံတွေဟာ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ကျခံကြရမှာဖြစ်တယ်။”

မြန်မာစစ်တပ်ဟာ ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် အစုလိုက် အပြုံလိုက် လူမျိုးတုံး သတ်ဖြတ်မှုဟာ ၂၀၂၆ ခု ဩဂုတ်လမှာ ၉ နှစ်အထိ ရှိလာပြီဖြစ်ပြီး သန်းနဲ့ ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်ဆလင်ဒုက္ခသည်စခန်း တွေမှာ ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ဟာ နိုင်ငံရေးလှည့်ကွက်ကို အသုံးချပြီး မွတ်စလင်လူထုတွေအပေါ် အကြမ်းဖက်ခဲ့တာဖြစ်ပြီး အဲဒီဖြစ်ရပ်ဆိုးကို သင်္ခန်းစာယူပြီး နောက်နောင် မဖြစ်ရအောင် ကာကွယ်ကြရမယ်လို့ မောင်တောခရိုင် မွတ်စလင်ရေးရာကောင်စီ ဥက္ကဋ္ဌက ရှုတ်ချပွဲမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ် မြန်မာ စစ်တပ်ရဲ့ လူမျိုးတုံးသတ်မှုကို ဒေသခံတွေအနေနဲ့ အမြဲတမ်း အမှတ်ရနေပြီး ထိခိုက်နစ်နာသူတွေအတွက် တရားမျှတမှု လိုအပ်တယ်လို့ မောင်တောမြို့နယ်က မွတ်စလင် အမျိုးသားတယောက်က ပြောပါတယ်။

“စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုက ၉ နှစ်တိတိရှိခဲ့ပြီ။ ဒီနေ့အထိ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူ တွေဟာ လွတ်မြောက်နေဆဲ ဖြစ်သလို ထိခိုက်နစ်နာသူတွေဟာလည်း တရားမျှတမှု မရရှိကြ သေးဘူး။ သန်းနဲ့ချီတဲ့ ပြည်သူတွေ အိမ်ပြန်ခွင့် မရရှိကြသေးဘူး။ ဒီ စစ်ရာဇဝတ်မှုတွေအတွက် အဓိက အမိန့်ပေးသူတွေနဲ့ ကျူးလွန်သူတွေဟာ ထိရောက်တဲ့ ပြစ်မှု၊ ပြစ်ဒဏ်တွေ ချမှတ်ဖို့ လိုအပ်တယ်။”

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေမှာလည်း ဩဂုတ် ၂၅ ရက်နေ့က လူမျိုးတုံး သတ်ဖြတ်ခံရမှု ၉ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ်က ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က မောင်တောခရိုင် နယ်စပ် လုံခြုံရေးတပ်တွေကို တပြိုက်နက်တည်းဝင်တိုက်တယ်လို့ အကြောင်းပြချက်နဲ့ မြန်မာစစ်တပ်က မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်ရှိ ရာနဲ့ချီတဲ့ မွတ်စလင်ကျေးရွာတွေကို အင်အားသုံး နယ်မြေရှင်းလင်းခဲ့တာမှာ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး ခိုလှုံခဲ့ကြတာပါ။

လက်ရှိ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော် နေရပ် ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က မြန်မာစစ်အာဏာရှင်အစိုးရဆီကို လူဦးရေ ၈ သိန်းကျော် စာရင်းကို ပို့ထားပေမဲ့ မြန်မာဘက်က လူဦးရေ ၃ သိန်းကျော်သာ နေထိုင်ခဲ့သူ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား အငြင်းပွားမှုတွေ ဖြစ်ပွားနေပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013