
မန္တလေးတိုင်း၊ မြင်းခြံမြို့အတွင်း နေ့တိုင်းဆက်ကြေးကောက်ခံတဲ့ စစ်ကောင်စီအဖွဲ့ကို ဇန်နဝါရီ ၂၁ ရက် မနက် ၆ နာရီ ၄၅ မိနစ်လောက်မှာ မြို့ထဲအထိ ဝင်ရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
မြင်းခြံမြို့၊ အမှတ် ၂၀ ရပ်ကွက်၊ ချောင်းဒေါင်းလမ်းဆုံမှာ ဆက်ကြေးကောက်ခံတဲ့ဂိတ်နေရာကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့အဖွဲ့ရဲ့ မြို့တွင်း UG တွေက ဒီမစ်ရှင်ကို ပြုလုပ်ခဲ့တာဗျ။ ကျနော်တို့လမ်းရဲ့ ဘယ်ညာတဖက်တချက်စီကို မိုင်းက ထောင်ထားပြီးသားဗျ။ အမှတ် ၂ ရဲစခန်းကနေ ရဲ ၅ ယောက် ထွက်လာပြီး ဆက်ကြေးကောက်ဖို့လာတာကို ကျနော်တို့ မိုင်းဆွဲခဲ့တာဗျ။ ထောင်းထားတဲ့ မိုင်း ၂ လုံး စလုံး မိုင်းဆွဲဖို့လုပ်ထားတာကို တဖက်က ပြည်သူတွေရှိလို့ တလုံးပဲ မိုင်းဆွဲခဲ့ရတာဗျ။ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ရဲတပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရထားရပါတယ်ဗျ။ ကျနော်တို့အဖွဲ့တွေကတော့ ဘေးကင်းစွာနဲ့ တပ်ဆုတ်လာနိုင်ခဲ့တယ်” လို့ Myingyan Black Tiger (MBT)အဖွဲ့ တာဝန်ရှိသူ ဗိုလ်မိုက်ခဲက DVBကို ပြောပါတယ်။
စစ်ကောင်စီ ရဲ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိတာနဲ့ပတ်သက်ပြီး DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မြင်းခြံမြို့နေ ပြည်သူတယောက်က “ဒီနေ့မနက်ခင်း (ဇန်နဝါရီ ၂၁ ရက်) မှာ ပေါက်ကွဲသံတော့ ကြားလိုက်ရတယ်။ သေသေချာချာတော့ မစပ်စုရဲဘူး။ စစ်တပ်က မြို့ထဲ ကားတွေနဲ့ ခြေရှုပ် နေတာတော့ မြင်မိတယ်။ မြိုထဲက လူတွေကတော့ စစ်တပ် ကြောက်ရ၊ ပျူစောထီးကြောက်ရနဲ့ပါဗျာ။ မိုင်းကွဲသံတော့ ကြားမိတယ်အကိုရေ။ အသေးစိတ်ကိုတော့ မသိဘူ” လို့ ပြောပါတယ်။
မြင်းခြံမြို့နယ်အတွင်း စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေကို ပြည်သူကာကွယ်ရေးတပ်က စောင့်ကြည့်တိုက်ခိုက်နေပြီး စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေ၊ ဝန်ထမ်းတွေ ရှိတဲ့ နေရာတွေမှာ အနားယူတာနဲ့ နီးကပ်စွာ သွားလာတာတွေ မပြုလုပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန် - မော်လမြိုင်ကားလမ်း ဇရပ်ကျွန်ကျေးရွာနဲ့ ကရင်လေးဆိပ်ကျေးရွာကြားရှိ ဗိုလ်ခမ်းကွင်း တံတားအနီးမှာလည်း ဇန်နဝါရီ ၂၀ ရက် ည ၉ နာရီကျော်လောက် မိုင်း ၂ လုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ကားလမ်းမပေါ်မောင်းနှင်နေတဲ့ ၆ ဘီးတပ်မော်ယာဥ်တစီးမှာ လမ်းဘေးတိမ်းမှောက်ခဲ့တယ်လို့ နယ်ခံတယောက်က ပြောပါတယ်။
“မိုင်းပေါက်ကွဲသံ ၂ ချက်ကြားရတာ။ ရာဘာထင်းတွေသယ်လာတဲ့ ၆ ဘီးကားတစီးတော့ လမ်းဘေးမှောက်သွားတယ်။ ခဏကြာတော့ လုံခြုံရေးအဖွဲ့တွေရောက်လာပြီး ပိတ်ဆို့ရှင်းလင်းကြတာပေါ့။ အဲ့ဒီအချိန်မှာပဲ တာလဘတ်အုပ်ထားတဲ့ စစ်ကားကား ၂ စီး ဖြတ်သွားတာတွေ့လိုက်တယ်။"
စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဆိုပါမိုင်းပေါက်ကွဲမှုဟာ အကြမ်းဖက် KNU/PDF အဖွဲ့က ထောင်ထားတဲ့ မိုင်းဖြစ်ကြောင်းနဲ့ တိမ်းမှောက်ခဲ့တဲ့ မော်တော်ယာဥ်မှာလည်း ယာနောက်ကြည့်မှန်ကျိုးပဲ့တာ၊ ယာဥ်ဦးခေါင်း ယာဘက်ခြမ်းဆေးပွန်းသွားခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့ ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ ထောက်ပို့မော်တော်ယာဥ်တွေနဲ့ စစ်ကားအများစုဟာ သထုံမြို့ကို ညသန်းခေါင်ကျော်အချိန်တွေမှာ ပုံမှန်ဖြတ်သန်းလေ့ရှိကြောင်းနဲ့ ဖြတ်သန်းချိန်မှာ လမ်းကြောင်းရှင်းတဲ့အနေနဲ့ မိုင်းခွဲပစ်ခတ်တာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ သထုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က DVB ကို ပြောပါတယ်။
“သူတို့က ပြည်သူတွေကို ဆိုက်ဝါးသုံးပြီးသတင်းဖြန့်နေတာပါ။ အဓိကက စကစ ယာဥ်တန်းတွေနဲ့ ထောက်ပို့ကားတွေက ဖြတ်သန်းနိုင်ဖို့ လမ်းကြောင်းရှင်းတာ။ မနက်ပိုင်းတွေမှာ ဖြတ်သန်းရင် သတင်းပေါက်ကြားတာတွေရှိလို့ ည ၁ နာရီ၊ ၂ နာရီမှာ ဖြတ်သန်းကြတာ။ သထုံထောက်ပို့တပ်မှာဆိုလည်း ကင်းပုန်းဝပ်တာတွေရှိတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဘားအံကို စစ်ကားအစီး ၂၀ လောက် ရောက်သွားတာလည်း အဲ့လမ်းကြောင်းအတိုင်း သွားကြတာပါ။ အခုလို ဆောင်းရာသီ အရမ်းအေးချိန် ဘယ်သူမှလည်း ထမကြည့်ဖြစ်တော့ ဒါကိုအသုံးချတာလည်းပါတယ်။"
ဒါ့အပြင် သထုံအခြေစိုက် ထောက်ပို့တပ်အနီးပတ်ဝန်းကျင်မှာ ဖြတ်သန်းသွားလာကြတဲ့ လူငယ်တွေကိုလည်း စစ်ဆေးမေးမြန်းတာအပြင် သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်တာတွေလည်း ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အလားတူ KNU တပ်မဟာ ၁ နယ်မြေဖြစ်တဲ့ ကျုံစိန်ကျေးရွာနဲ့ ဖလမ်တောင်ကျေးရွာကြားရှိ ရာဘာခြံထဲကိုလည်း ဇန်နဝါရီ ၂၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။











