DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်-မြဝတီလမ်းကို ပြန်သိမ်းနိုင်ရန် စစ်တပ်က သံချပ်ကာယာဉ်များ အားဖြည့်
DVB
·
January 21, 2025
ကော့ကရိတ်-မြဝတီလမ်းကို ပြန်သိမ်းနိုင်ရန် စစ်တပ်က သံချပ်ကာယာဉ်များ အားဖြည့်
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ လမ်းပိုင်းအားလုံးအပါအဝင် သင်္ကန်းညီနောင်ကို ပြန်လည်ရရှိဖို့အတွက်  စစ်ကောင်စီတပ်က အောင်ဇေယျစစ်ကြောင်းကို တပ်သားရာချီ ပို့ဆောင်နေသလို သံချပ်ကာကားတွေနဲ့ ထပ်မံအင်အားဖြည့်တင်းနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ကော့ကရိတ်-မြဝတီ(အာရှ)လမ်းပိုင်းနဲ့ အောက်ဗိုလ်တဲ လမ်းဟောင်း၊ ထို့ကော်ကိုး လမ်းပိုင်းတွေကနေ သင်္ကန်းညီနောင်ကို တလအတွင်း ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်က အောင်ဇေယျစစ်ကြောင်းကို အင်အားဖြည့်တင်းနေပါတယ်။

လက်ရှိမှာ အောင်ဇေယျစစ်ကြောင်းဟာ KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်ခံနေရတာကြောင့် စစ်ကောင်စီတပ်ဘက်က ကော့ကရိတ်မြို့ ချောင်းတောင်၊ ရေကျော်ကြီး၊ ကော့နွဲ့နဲ့ ရွာသစ်ကုန်း စတဲ့ အနီးအနားကျေးရွာတွေကို မြေပြင်လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ရှေ့တန်းသတင်းရင်းမြစ်က “အခုမစ်ဇိုင်းတွေပစ်တာက လက်ကုန်ပဲ။ ကော့ကရိတ်ကတော့ နဂိုတုန်းက ကျန်တဲ့ဟာတွေ ဒီတခေါက်ကတော့ ပြာဖြစ်ပြီထင်တာပဲ။  အင်အားက ဟိုနေ့တည်းက သတင်းပို့လာတာ အင်အား ၇၀၀ တက်တာက သံချပ်ကာက ၄ စီး၊ လက်ရှိကျန်နေတာက ကျုံဒိုးမှာ ၂ စီးနဲ့ဆိုရင် အားလုံး ၆ စီးဆိုတော့ ဒီဘက်ကို အင်အားဘယ်လောက်ထပ်တက်လဲ မသိဘူး။  သူတို့က လမ်းကြောင်း ၄ ကြောင်းဆိုပြီး ဖွင့်ထားတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၅၊ ခမရ ၅၄၆ အပြင် ဂျိုင်းတံတားထိပ်မှာလည်း လက်နက်ကြီးတပ်ဆင်ပြီး အခိုင်အမာ စစ်ရေးပြင်ဆင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ဘားအံ-ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းမှာ ကရင်နယ်ခြားစောင့်တပ် (BGF)၊ KNU/KNLA(PC) ငြိမ်းချမ်းရေးကောင်စီ ယူနီဖောင်းတွေဝတ်ဆင်ပြီး အရပ်သားယာဉ်တွေကို အသုံးပြုပြီး လှုပ်ရှားသွားလာနေတာကြောင့် ကော့ကရိတ်တင်မကဘဲ ကျုံဒိုးလည်း စိုးရိမ်စရာရှိတယ်လို့  စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “စစ်ကောင်စီက သူတို့ဝတ်စုံတွေနဲ့ အသွားအလာ မလုပ်တော့ဘူး။ သူတို့စီးနေကျကားတွေနဲ့ အသွားအလာ မလုပ်တော့ဘဲ အိမ်းစီးကားတွေနဲ့ အသွားအလာလုပ်တာ ရှိတယ်။ ပြီးရင် သူတို့ရဲ့ဖောကားတွေဆိုရင် ကာလာချိန်းလိုက်တယ်။ အရောင်ချိန်းလိုက်ပြီးတော့မှ အသွားအလာတွေ လုပ်တယ်။ BGF၊ PC ဝတ်စုံတွေဝတ်ပြီး တက်လိုက်ဆင်းလိုက်နဲ့ လမ်းမကြီးပေါ် သွားလာနေတယ်။ အခုက ကော့ကရိတ်တင်မကဘူး ကျုံဒိုးလည်း စိုးရိမ်စရာရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကရင်နယ်ခြားစောင့်တပ် (BGF)၊ KNU/KNLA(PC) ငြိမ်းချမ်းရေးကောင်စီ ယူနီဖောင်းတွေဝတ်ဆင်ပြီး လှုပ်ရှားသွားလာတာနဲ့ပတ်သက်ပြီး DVB က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇန်နဝါရီ ၁၂ ရက် မွန်းလွဲပိုင်းလောက်က အောင်ဇေယျစစ်ကြောင်းကို အင်အားဖြည့်တင်းပြီး KNLA ပူးပေါင်းစစ်ကြောင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့ ပြင်ဆင်နေချိန်မှာပဲ  ကော့ကရိတ်-မြဝတီ(အာရှ)လမ်းပိုင်းပေါ်က တောနော်ရေတံခွန်အနီးက ရှေ့တန်းတပ်စခန်း တခုကို  KNLA ပူးပေါင်းစစ်ကြောင်းတွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013