DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်-မြဝတီ လမ်းဟောင်း၌ ငွေတောင်းသည့်ဂိတ် များလာသဖြင့် ကားခနှင့် ကုန်စည်ခ ဈေးတက်
DVB
·
May 29, 2024
ကော့ကရိတ်-မြဝတီ လမ်းဟောင်း၌ ငွေတောင်းသည့်ဂိတ် များလာသဖြင့် ကားခနှင့် ကုန်စည်ခ ဈေးတက်
Donate to DVB

ကော့ကရိတ်-မြဝတီ (အောက်ဗိုလ်တဲ) လမ်းဟောင်းကနေ သွားလာနေတဲ့ ခရီးသည်နဲ့ ကုန်စည်တင်ယာဉ်တွေဟာ အဖွဲ့စုံဂိတ်တွေကို ငွေပေးဖြတ်သန်းနေရတာကြောင့် ခရီးသည်နဲ့ ကုန်စည်တင်ဆောင်ခ ဈေးနှုန်းတွေ တက်လာတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ်ကို အဓိက ကုန်စည်စီးဆင်းနေတဲ့ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်းမှာ ပြီးခဲ့တဲ့လတွေက တိုက်ပွဲတွေဖြစ်ပွားပြီးနောက် မြဝတီမြို့ကို ထို့ကော်ကိုးလမ်း၊  ကြက်ဉတောင်လမ်း၊ ၁၀၁၈ လမ်းပိုင်းတွေကနေ ဒေါနတောင်ကို ဖြတ်သန်းပြီး ခရီးသည်နဲ့ ကုန်စည်တွေ သယ်ယူပို့ဆောင်နေတာပါ။

လက်ရှိမှာလည်း မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာတာကြောင့် လမ်းပိုင်းအားလုံး ယာယီပိတ်ထားတာတဲ့အတွက် ကော့ကရိတ်-မြဝတီ (အောက်ဗိုလ်တဲ) လမ်းဟောင်းကို ပြန်လည်အသုံးပြုနေကြတာပါ။

ယာဉ်မောင်းတဦးက “အခု လမ်းဖြတ်သန်းဖို့ ဂိတ်ကြေးပေးရတာ ၅ သောင်း၊ ၁ သိန်း ကျော်တယ်။ အဖွဲ့အစည်းတွေက များတယ်။ ဘယ်အဖွဲ့စည်းဆိုတာ မသိတော့ဘူး၊ အဖွဲ့စုံပဲ။ လမ်းကြေးများလာတာကြောင့် ဈေးတက်တာ။ ၁ ဂိတ်ကို ၁ ထောင်၊ ၂ ထောင်၊ ၅ ထောင် ပေးနေရတာ။ ဂိတ်ကတော့ အများကြီးပဲ” လို့ ပြောပါတယ်။

ဘားအံ-မြဝတီကို ခရီးသည်တယောက်ကို ယာဉ်စီးခ အရင် ကျပ် ၅ သောင်းကနေ အခု ကျပ် ၈ သောင်းအထိ ဈေးနှုန်းမြင့်တက်ခဲ့တဲ့အပြင် ကုန်စည်တင်ဆောင်ခတွေပါ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

မြန်မာ-ထိုင်း ကုန်သွယ်မှုအနေနဲ့  မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို လယ်ယာထွက်ကုန်တွေ၊ ရေထွက်ကုန်တွေကို အဓိက တင်ပို့နေတာပါ။

ထိုင်းနိုင်ငံကနေ ဆောက်လုပ်ရေးပစ္စည်းတွေ၊ လယ်ယာသုံးစက်နဲ့ စက်အပိုပစ္စည်းတွေ၊ ဆေးဝါး၊ အထည်အလိပ်၊ အလှကုန်၊ ဓာတ်မြေသြဇာ၊ စားသောက်ကုန်နဲ့ လျှပ်စစ်ပစ္စည်းတွေကို ပြန်လည်တင်သွင်းနေတာပါ။ တိုက်ပွဲဖြစ်တဲ့နေရာပေါ် မူတည်ပြီး ကုန်ဈေးနှုန်းက မြင့်တက်တာလို့ ကုန်သည်တဦးက ပြောပါတယ်။

“လမ်းမှာ ဂိတ်တွေက များလာတယ်။ လမ်းကြောင်းမှာ ချောမွေ့ဖို့ဆိုရင်  အဆင်ပြေအောင် ပေးသွားကမ်းသွားရတဲ့ဟာလေးတွေ ရှိတယ်။ တိုက်ပွဲအကြီးအကျယ်ဖြစ်တဲ့ နေရာပေါ် မူတည်ပြီးတော့ ကုန်ဈေးနှုန်းကတော့ ကြီးမယ်။ ကုန်သည်ဆိုတာကတော့ ဒီဘက်က ကောက်စိတ်များလာရင် ဒီဘက်က စားသုံးသူဘက်ကို ပိုယူမှာပဲ။ စားသုံးသူက အများကြီး ပိုပေးရတာပေါ့။ လောလောဆယ် ၃ ဆလောက် ပေးနေရတယ်။” 

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကို  အဓိကတင်ပို့နေတဲ့ ပြည်တွင်းထွက် စားသောက်ကုန်တွေဟာ ကုန်စည် တပိဿာကို ကျပ် ၁,၀၀၀ ကနေ ကျပ် ၁,၅၀၀ အထိ မြင့်တက်နေပါတယ်။

ဒါ့အပြင် စားသောက်ကုန်တွေ အဝင်မရှိတာကြောင့် ဝယ်ယူလို့မရဘူးလို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေးကြောင့် ကုန်စည်ပို့ဆောင်ရ ခက်ခဲလာနိုင်ပြီး မြဝတီမှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်လို့ ကုန်သည်တွေက တိုက်တွန်းထားပါတယ်။

ကုန်သည်တဦးက “ဒီကာလတွေက ဘာမှန်းမသိတော့ ကုန်စိမ်းဝယ်လို့မရရင် ဝယ်လို့ရတဲ့ ကုန်ခြောက်တွေ ဝယ်ထားသင့်တယ်။ နောက်ဆို လုံးလုံးဖြတ်မရတဲ့ အခေါက်တွေ ရှိလာနိုင်တယ်။ ကုန်စည်စီးဆင်းလို့မရရင် မြဝတီမြို့က ဟိုဘက် ထိုင်းနိုင်ငံက ဝင်လို့မရဘူး။ မြန်မာပြည်ဘက်ကလည်း တက်လာလို့မရရင် အများကြီး အခက်အခဲရှိတယ်။ အဲဒီဘက်က ပြည်သူလူထုတွေကို ကြိုပြီးတော့ ပြင်ဆင်ထားစေချင်တယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ဒေါ်လာဈေးမြင့်တက်တာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုတွေ ကျဆင်းခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ-ထိုင်းနယ်စပ် နှစ်နိုင်ငံကုန်သွယ်မှုကို တာချီလိတ်၊ ကျိုင်းတုံ၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ နယ်စပ်တွေကနေ ကုန်သွယ်မှု ပြုလုပ်နေတာပါ။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း  မြဝတီနယ်စပ်ကနေ ပို့ကုန် ဒေါ်လာ  ၃၂၀ သန်းရရှိပြီး သွင်းကုန်အနေနဲ့ ဒေါ်လာ ၈၂၇ သန်းနဲ့ ဒုတိယအများဆုံး ရရှိထားတယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013