DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်-မြဝတီလမ်းပြန်ဖွင့်ရန် ကရင်လက်နက်ကိုင်အဖွဲ့များဆွေးနွေး၊ ပြေလည်မှုမရ
DVB
·
October 2, 2024
ကော့ကရိတ်-မြဝတီလမ်းပြန်ဖွင့်ရန် ကရင်လက်နက်ကိုင်အဖွဲ့များဆွေးနွေး၊ ပြေလည်မှုမရ
Donate to DVB

ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်း ပြန်လည်ဖွင့်လှစ်ဖို့ ကရင့်လက်နက်ကိုင်တပ်ဖွဲ့တွေ ဆွေးနွေးခဲ့ကြပေမဲ့ ပြေလည်မှုမရသေးဘဲ သဘောထားအမြင်တွေ ကွဲလွဲနေတယ်လို့ သိရပါတယ်။ 

ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်း ပြန်လည်ဖွင့်လှစ်ဖို့   ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA တပ်မဟာ (၆)၊ တပ်မဟာ (၇)က တာဝန်ရှိသူတွေ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA၊  ကရင်နယ်ခြားစောင့်တပ်-BGF နဲ့ KNU/KNLA (PC) ငြိမ်းချမ်းရေးကောင်စီက တာဝန်ရှိသူတွေ စက်တင်ဘာ ၂၄ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးတာနဲ့ပတ်သက်ပြီး ပြောလို့မရသေးဘဲ ပြေလည်တဲ့အပိုင်းရှိသလို မပြေလည်တဲ့ နေရာမှာလည်း အချိန်ယူရမှာရှိသေးတာကြောင့် ကြိုးစားနေတယ်လို့ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုတာဝန်ရှိသူတယောက်ကို DVB က ဆက်သွယ်မေး မြန်းရာမှာ “အောက်လက်ကလူတွေ (အောက်ခြေတပ်ရင်းတပ်ဖွဲ့တွေနဲ့ လက်ရှိလမ်းပိုင်းလုံခြုံရေးယူနေတဲ့အဖွဲ့တွေ) က သဘောမတူဘူး။ သတင်းအဆင့်ပဲရှိပြီး ဒီထက်ပိုမလာဘူး” လို့သာ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကို ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်းပိုင်းတွေကနေ ဒေါနတောင်ကို ဖြတ်သန်းပြီး ခရီးသည်နဲ့ကုန်စည်တွေ သယ်ယူပို့ဆောင်ခဲ့ရပါတယ်။ 

ဒါ့အပြင် မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာတာကြောင့် ကော့ကရိတ်- မြဝတီ(အောက်ဗိုလ်တဲ)လမ်းဟောင်းကို ပြန်လည်အသုံးပြုဖို့ ခွင့်ပြုခဲ့ပါတယ်။

ကော့ကရိတ်-မြဝတီ (အာရှ) လမ်းကို မပိတ်သင့်ဘဲ လမ်းပိတ်ဆို့တာကြောင့် ခရီးသွားပြည်သူတွေနဲ့ ကုန်စည်ပို့ဆောင်ရာမှာ  ဒုက္ခရောက်ကြောင်း တိုးတက်သောကရင့်အမျိုးသားတပ်မတော် (DKBA) တာဝန်ရှိသူတယောက်က ပြောပါတယ်။‌

“အမှန်မှာက ဒီလမ်းကပိတ်ကို မပိတ်သင့်တဲ့လမ်း။  ဒီလောက်ပိတ်ဆို့နေတာ ခရီးသွားပြည်သူတွေ ဒီလောက်ဒုက္ခရောက်တာ။ ပြီးတော့ ကုန်စည်စီဆင်းမှုတွေလဲ  ဖြောင့်ဖြောင့်တန်းတန်းမသွားရဘဲ ကွေ့ဝိုက်သွားနေရတော့ ပြည်သူတွေအတွက် ဘယ်လို အဆင်ပြေမလဲ။ ဒီဟာကြီးကို ပိတ်ဆို့ရေးလုပ်ပြီး အစိုးရထောက်တိုင်တို့ ဘာတို့ ညာတို့ကတော့ သူတို့သဘောထားလေ။ ကျနော်တို့ သဘောထားကတော့ ပြည်သူတွေရဲ့ သဘောထားနဲ့ အတူတူပဲ။”

ဒါ့အပြင် တိုက်ပွဲတွေကြောင့် ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်းကို ပိတ်ထားခဲ့ရတာကြောင့် ခရီးသည်နဲ့ ကုန်စည်တင်ယာဉ်တွေဟာ လမ်းပိုင်းဆက်သွယ်ရေးခက်ခဲတာကြောင့် ယာဉ်စီးခနဲ့ ကုန်စည်တင်ဆောင်ခတွေ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။ 

ဘားအံ- မြဝတီကို လူတယောက် ၁ သိန်းခွဲ၊ ကုန်စည် ၁ တန်ကို ၉ သိန်းခွဲအထိ ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။ ကုန်သည်တွေအနေနဲ့ မိုးတွင်းကာလ ခက်ခက်ခဲခဲနဲ့ သွားလာနေရပြီး အာရှလမ်းပွင့်သွားရင် တိုက်ရိုက်တွဲကားတွေ သွားလာလို့ရတာကြောင့် ကားခဈေးတွေ ထိုးကျသွားမယ်လို့ ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ကုန်သည်တယောက်က “ကုန်သည်အနေနဲ့က မိုးတွင်းကာလဆို ခက်ခက်ခဲခဲနဲ့ သွားလာရတယ်။ အခုလက်ရှိက ၁၂ ဘီး၊ ၆ ဘီးတွေပဲ သွားလာလို့ရတယ်။ လမ်းပွင့်သွားရင် တိုက်ရိုက်တွဲကားတွေ သွားလာလို့ ရသွားပြီ။ တွဲကားတွေနဲ့ဆိုရင် ကားခဈေးတွေ ထိုးကျသွားမယ်လို့ ထင်တယ်။ အခုဟာက ၆ ဘီးတွေနဲ့ တဆင့်သွားရတာတောင် ၁ တန်ကို ၉ သိန်းခွဲက လမ်းတဝက်လောက်ပဲရောက်တယ်။ အာရှလမ်းမပွင့်တော့  ရန်ကုန်အထိ မရောက်ဘူး။ ကားခ အဆမတန်တက်သွားတယ်” လို့ ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ အာရှလမ်းမကြီးနဲ့ မြဝတီမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ နိုင်ငံအဆင့် အောင်ဇေယျ စစ်ဆင်ရေး ၄ လကြာ လုပ်ခဲ့ပေမဲ့ မအောင်မြင်ဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့ရာက စက်တင်ဘာ ဒုတိယပတ်ကစတင်ပြီး တကျော့ပြန်ထိုးစစ်ဆင်နေတာကြောင့် နေ့တိုင်းလိုလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013