DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ဦးဆောင်ကောင်စီ (FSC) ပေါ်ပေါက်လာရေး ဆွေးနွေးနေ
DVB
·
March 10, 2026
ဖက်ဒရယ်ဦးဆောင်ကောင်စီ (FSC) ပေါ်ပေါက်လာရေး ဆွေးနွေးနေ
Donate to DVB

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ထိရောက်တဲ့ နိုင်ငံရေးဦးဆောင်မှု ပေါ်ပေါက်လာဖို့ ဖက်ဒရယ် ဦးဆောင်ကောင်စီ (FSC) ပေါ်ပေါက်လာရေး ဆက်လက်ဆွေးနွေးနေတယ်လို့ သက်ဆိုင်သူတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (EROs) တွေကြား ဖက်ဒရယ်ဦးဆောင်ကောင်စီ (FSC) ပေါ်ပေါက်လာရေး ဆွေးနွေးမှုတွေ ဆက်တိုက်လုပ်နေတယ်လို့ သက်ဆိုင်သူတွေက ပြောပါတယ်။

ဒီဆွေးနွေးမှုတွေဟာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကတည်းက စတင်ခဲ့တာဖြစ်ပြီး လက်ရှိ ၂၀၂၆ ခုနှစ်၊ မတ်လအထိ ၅ လကျော်ကြာ အသေးစိတ်ညှိနှိုင်းနေကြတာလည်း ဖြစ်ပါတယ်။

ဒီကောင်စီဟာ  ပိုမိုထိရောက်တဲ့ နိုင်ငံရေးဦးဆောင်မှု တခုဖြစ်လာဖို့ ရည်ရွယ်ထားတာလို့  နားလည် ရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က  “နိုင်ငံရေးအရ ထိရောက်တဲ့ ဦးဆောင်မှု တခု လိုတယ်လို့ ကျနော်တို့ မြင်တယ်။ ပလက်ဖောင်းတွေ အသီးသီးရှိသော်ငြားလည်း လက်တွေ့အရ နိုင်ငံရေး အခင်းအကျင်းကို ဦးဆောင်သွားနိုင်မဲ့ အခင်းအကျင်းမျိုး လိုအပ်တယ်ထင်လို့ ဆွေးနွေး နေကြတာ ဖြစ်ပါတယ်။ ကျနော်တို့ကတော့  အမြန်ဆုံး ပေါ်ပေါက်ချင်တာပဲ။ တော်လှန်ရေးကို အမြန်ဆုံး အောင်မြင်ချင်တယ်။ အဲဒီအတွက်ကို Initiative Leadership Role ကို ကျနော်တို့ ဦးဆောင် သွားဖို့ လိုတယ်။ ဒါပေမဲ့လည်း ကျနော်တို့ အချင်းချင်းကြားထဲမှာ သဘောတူညီမှုနဲ့ ဆွေးနွေးမှုအပေါ်မှာ အများကြီး မူတည်တာပေါ့။”လို့ ပြောပါတယ်။

အမည်မဖော်လိုတဲ့ NUG နဲ့ နီးစပ်သူတယောက်ကတော့ K3C လို့ခေါ်တဲ့ KIA, KNU, KNPP, CNF တို့ပါဝင်တဲ့ EROs တွေနဲ့ ဖေဖော်ဝါရီ နောက်ဆုံးအပတ်ထဲ လူချင်းတွေ့ခဲ့ကြသလို မတ်လထဲမှာ လည်း အွန်လိုင်းကတဆင့် တွေ့ဆုံမှုတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါအပြင် စစ်ကောင်စီက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး အစိုးရသစ်တက်လာမဲ့ အချိန်လောက်မှာပဲ ဒီကောင်စီဖွဲ့စည်းကြောင်း ထုတ်ပြန်ဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်ကတော့ ဆွေးနွေးနေဆဲသာ ဖြစ်တယ်လို့ ငြင်းဆိုသလို DVB အနေနဲ့လည်း သီးခြားအတည် မပြုနိုင်သေးပါဘူး။

တော်လှန်ရေးအဖွဲ့တွေက ဖက်ဒရယ်ဦးဆောင်ကောင်စီ (FSC) ဖွဲ့ဖို့ ကြိုးပမ်းနေချိန်မှာပဲ စစ်ကောင်စီ ကလည်း "ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ"ဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်မှာ ပြဋ္ဌာန်းခဲ့ ပါတယ်။

ဒါဟာ ရွေးကောက်ပွဲအလွန် ပေါ်လာမယ့် အစိုးရသစ်ကို နောက်ကွယ်ကနေ ထိန်းချုပ်မယ့် ယန္တရား တခု ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ 

ဒီအပေါ်မှာ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက “ကျ‌နော်တို့ နှိုင်းယှဉ်ဖို့တော့ ခက်တာပေါ့။ တဖက်ကကျတော့ သူက ရွေးကောက်ပွဲမှာ အခုက legitimacy (တရားဝင်မှု) ရလာအောင် လုပ်တယ်။ ဆိုတော့ ဒါနဲ့ပတ်သက်လို့ သူက တဖက်မှာ တိုးချဲ့ဖို့ ရှိသလို တဖက်က လည်း လိုချင်တဲ့ကိစ္စတွေကို ဗီတိုသဘောမျိုး အုပ်ချုပ်ထားတာလည်း ရှိနိုင်တယ်လို့ ထင်ပါတယ်။ ဒီဘက်ကကျတော့ အရင်တုန်းက တပ်ပေါင်းစုတွေ ဖွဲ့ကြသလိုပဲ အခုလည်း ပိုပြီးကျယ်ပြန့်တဲ့ တပ်ပေါင်းစုတခုမျိုးစဉ်းစားတယ်လို့ ကျနော်ထင်တယ်”လို့ ပြောပါတယ်။

တဖက်မှာလည်း FSC နဲ့ ပတ်သက်လို့ တရားဝင်ထုတ်ပြန်ချက်တွေ မတွေ့ရသေးတာကြောင့် အသေးစိတ်ကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ၂၀၂၆ ခုနှစ်ဟာ နေပြည်တော်ရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အာဏာဗဟိုချက် တည်ဆောက်မှုတို့ အပြိုင်အဆိုင် အားပြိုင်မဲ့ နှစ်တနှစ် ဖြစ်လာနေပါတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013