DVB Logo
Home
မြန်မာသတင်း
ချင်းတော်လှန်ရေးအဖွဲ့  ၂ ဖွဲ့ စစ်ရေးအရ ပူးပေါင်းနိုင်ရေး ထပ်မံဆွေးနွေးရမည်
DVB
·
February 28, 2025
ချင်းတော်လှန်ရေးအဖွဲ့  ၂ ဖွဲ့ စစ်ရေးအရ ပူးပေါင်းနိုင်ရေး ထပ်မံဆွေးနွေးရမည်
Donate to DVB

ချင်းတော်လှန်ရေးအဖွဲ့ ၂ ဖွဲ့ပေါင်းပြီး ချင်းအမျိုးသားကောင်စီအဖြစ် ဖွဲ့စည်းဖို့သဘောတူညီမှုရရှိ ခဲ့ပေမဲ့ စစ်ရေးအရပူးပေါင်းနိုင်ဖို့ ထပ်ပြီးဆွေးနွေးရဦးမယ်လို့ အဲဒီအစည်းအဝေးမှာ ပါဝင်ခဲ့သူတချို့က ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်တဲ့ ချင်းလန်းကောင်စီနဲ့  ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့ကို ဖျက်ပြီး ချင်းပြည်နယ်မှာ နိုင်ငံရေးအရ ဦးဆောင်နိုင်တဲ့ ချင်းအမျိုးသားကောင်စီတဖွဲ့တည်းကိုသာ ဖွဲ့စည်းဖို့ အဲဒီအစုအဖွဲ့ ၂ ဖွဲ့လုံးက မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့မှာ တွေ့ဆုံဆွေးနွေးပြီး သဘောတူခဲ့ကြတာလို့ ဖေဖော်ဝါရီ ၂၆ ရက်က သတင်းထုတ်ပြန်ပါတယ်။

အဲဒီသဘောတူညီမှုတွေထဲမှာ ချင်းပြည်နယ်ရဲ့ အစိုးရအဖွဲ့ ပြန်ဖွဲ့နိုင်ဖို့အတွက် ၂ ဖွဲ့စလုံးမှာရှိနေတဲ့ ဖွဲ့စည်းပုံဥပဒေတွေကိုဖျက်ပြီး  အခြေခံဥပဒေအသစ် ပြန်ရေးမှာဖြစ်လို့ ကြားကာလအတွင်းမှာ ဆွေးနွေးညှိနှိုင်းမှုတွေ သဘောတူညီမှုတွေ ထပ်ယူရဦးမယ်လို့ အဲဒီအစည်းအဝေးမှာပါဝင်ခဲ့တဲ့ ဦးဆောင်သူတယောက်က ပြောပါတယ်။

အဲဒီပြင် နိုင်ငံရေးအရ ပေါင်းစည်းနိုင်ပေမဲ့ စစ်ရေးအရပေါင်းစည်းပြီး ချင်းပြည်နယ်မှာရှိနေတဲ့ တပ်တွေအားလုံးကို အမိန့်ပေးစေခိုင်းမှုတခုတည်းအောက်မှာ ထားရှိနိုင်ရေးဟာ ခက်ခက်ခဲခဲဆွေးနွေးညှိနှိုင်းရမယ့် အခြေနေမှာရှိနေတာကြောင့် အခုအစည်းအဝေးမှာ တပ်ပိုင်းဆိုင်ရာကိစ္စတွေကို ဆွေးနွေးသဘောတူညီခဲ့တာမရှိဘူးလို့ ဆိုပါတယ်။

အစည်းအဝေးမှာ ပါဝင်ခဲ့သူတယောက်က “နိုင်ငံရေးမှာပေါင်းရင် စစ်ရေးမှာပါ ပေါင်းမှရမှာပေါ့နော်။ ဒါပေမဲ့ အမိန့်ပေးစေခိုင်းမှု တခုတည်းရဖို့အတွက်က အခက်အခဲတွေ အများကြီးရှိတယ်။ တပ်ဖွဲ့စည်းတာရော၊ ပြုစုပျိုးထောင်တာရောက အဖွဲ့စည်းတခုတည်း ဥပမာ CNF တဖွဲ့တည်းကနေ လုပ်တာမဟုတ်တဲ့အတွက် ကိုယ့်ဘက်ဂျက်နဲ့ကိုယ် ကိုယ့်ဒေသကို ကာကွယ်နေတာ ဖြစ်တဲ့အတွက် အဓိက ပြဿနာက အမိန့်ပေးစေခိုင်းမှုတခုတည်း ရဖို့အတွက်ကတော့ လက်နက်ကိုင်အဖွဲ့စည်းတွေ သဘောထားက အတော်လေးကို ညှိနှိုင်းရဦးမယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်တပြည်နယ်လုံးမှာ မြို့ပေါင်း ၂၀ ရှိပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မြို့ ၁၆ မြို့အထိ သိမ်းပိုက်ထားပြီးဖြစ်သလို ချင်းတပြည်နယ်လုံးကို စစ်ရေးအရ ကွက်ကဲနေတဲ့ ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးအပြင် ထန်တလန်၊ တီးတိန်နဲ့ ချင်းညီနောင်အဖွဲ့က ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ ဖလမ်းမြို့တို့မှာပဲ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားက လည်ပတ်နေတာဖြစ်ပါတယ်။

ချင်းတော်လှန်ရေးအစုအဖွဲ့အားလုံးရဲ့ စစ်အင်အားဟာ ချင်းပြည်နယ်အတွင်းမှာရှိနေတဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့အင်အားထက် ပိုမိုများပြားတာကြောင့် အခုလို ချင်းတော်လှန်ရေးအစုအဖွဲ့တွေ စစ်ရေးအရပါ ပူးပေါင်းနိုင်ခဲ့ရင် ချင်းပြည်နယ်ဟာ စစ်အုပ်ချုပ်ရေး ကင်းစင်တဲ့ ပြည်နယ်ဖြစ်လာနိုင်တယ်လို့ စစ်ရေးအကဲခက်တချို့က သုံးသပ်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ချင်းညီနောင် အဖွဲ့တွေကြားမှာ စစ်ရေးအရ ထိတွေ့မှုတွေ ရှိနေတာကြောင့် လူထုရဲ့ဆန္ဒအရ နိုင်ငံရေးမှာပေါင်းစည်းနိုင်ပေမဲ့ စစ်ရေးမှာ ပေါင်းနိုင်ဖို့က အတော်ညှိနှိုင်းရမယ့်အခြေနေမှာရှိနေတယ်လို့ ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရှိန်းထွန်းက ပြောပါတယ်။

“နိုင်ငံရေးအရတော့ ပေါင်းလို့ရလိမ့်မယ်။ ဘာလို့ဆို အဲဒီနှစ်ဖွဲ့စလုံးကို ICNCC ဆိုတဲ့အောက်ကနေ ကွဲသွားခဲ့ကြတာဆိုတော့။ ဒါပေမဲ့ စစ်ရေးအရပေါင်းဖို့က အတော်ခက်မယ်။ အဲဒီအဖွဲ့တွေအောက်မှာ စေ့စပ်ညှိနှိုင်းမှုတွေ အဆင်မပြေခဲ့ကြလို့ အဖွဲ့တချို့က စစ်ရေးအရ  ချင်းညီနောင် အဖွဲ့ဆိုပြီး ပေါင်းစည်းလိုက်ကြတာ။ တပ်ပေါင်းစည်းရေးမှာ အတော်လေး အခက်ခဲရှိလာလိမ့်မယ်။”

ချင်း ၂ ဖွဲ့ပူးပေါင်းဖို့ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်တာကြောင့် တပ်ပိုင်းဆိုင်ရာ ပူးပေါင်းနိုင်ရေးအတွက် သဘောထားကို DVB သတင်းဌာနက ချင်းအမျိုးသားတပ်ဦး (CNF) ဘက်ရော၊ ချင်းညီနောင်အဖွဲ့ဘက်ကိုပါ မေးမြန်းခဲ့ပေမဲ့ ၂ ဖွဲ့လုံးက ပြန်လည်ဖြေဆိုခြင်းမရှိပါဘူး။

ချင်းညီနောင်အဖွဲ့ကို ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ် အစည်းအရုံး၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ ၁ နဲ့ မရာ နယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) တို့နဲ့ ဖွဲ့စည်းထားတာပါ။

လက်ရှိမှာ ချင်းညီနောင်အဖွဲ့က သူတို့အခြေချလှုပ်ရှားနေတဲ့ မြို့ ၉ မြို့ထဲက မင်းတပ်၊ မတူပီ ကျင်ဒွေးမြို့၊ ကန်ပက်လက်မြို့နဲ့ မကွီအိမ်နူးမြို့ စတဲ့ မြို့ ၇ မြို့ကို သိမ်းပိုက်ထားပြီး ဖလမ်းမြို့ကိုလည်း အပြည့်အဝထိန်းချုပ်နိုင်ရေးအတွက်ဆောင်ရွက်နေသလို ဒီနှစ်ထဲမှာ မြို့ ၉ မြို့စလုံးကို သိမ်းပိုက်ဖို့ စစ်ရေးရည်မှန်းချက် ထားရှိထားပါတယ်။ 

ချင်းပြည်တော်လှန်ရေးကို ဦးဆောင်နေတဲ့ ကောင်စီ ၂ ခုပူးပေါင်းလိုက်ကြောင်း ထုတ်ပြန်ပြီးနောက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် ပူးကေဗန်လာဇန်နာက ချင်းပြည်ကောင်စီအဖွဲ့ဝင်တွေနဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။  

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရဟာ မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးနိုင်ရေးအတွက် ချင်းပြည် (Chinland Council) ဖွဲ့စည်းတာကို အားပေးထားပါတယ်။ 

ဒါ့အပြင် ချင်းပြည် (Chinland Council)ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေမှာလည်း မီဇိုရမ်ပြည်နယ်အစိုးရတာ ပူးပေါင်းတာရှိတယ်လို့လည်း ဆိုပါတယ်။ 

စစ်အာဏာသိမ်း ၄ နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာလည်း ခုခံတွန်းလှန်စစ်တွေ ဖြစ်ပွားနေပြီး လက်ရှိ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ချင်းပြည်နယ်ရှိ မြို့ပေါင်း  ၂၀ အနက်  ၁၆ မြို့နဲ့ နယ်မြေ  အများစုကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။ 

အခုဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၅၀၀၀၀ ဝန်းကျင်ကို မီဇိုရမ်ပြည်နယ် အစိုးရက ယာယီခိုလှုံခွင့်ပေးထားပါတယ်။ 

အောင်သူ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013