အမေရိကန်က ပေးပို့တဲ့ သံချပ်ကာယာဉ်တွေ လတ်တလောမှာပဲ အစ္စရေးကို ဆိုက်ရောက်လာခဲ့ကြောင်း အောက်တိုဘာ ၁၉ ရက်မှာ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ပထမအသုတ် ကျည်ကာယာဉ်တွေ ပါဝင်လာတဲ့ ဒီပေးပို့မှုဟာ ဟားမတ်စ်ကို တိုက်ခိုက်ရင်း ပျက်စီးသွားတဲ့ အစ္စရေးစစ်ကားတွေနေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က ဂါဇာအခြေစိုက် ပါလက်စတိုင်း ဟားမတ်စ် သေနတ်သမားတွေကြောင့် အစ္စရေးနိုင်ငံက လူပေါင်း ၁,၄၀၀ သေဆုံးပြီး ဓားစာခံ ၂၀၀ လောက် ဖမ်းဆီးခံထားရပါတယ်။
ဒီတိုက်ခိုက်မှုအပြီးမှာ အမေရိကန်က အစ္စရေးဘက်မှာ ရပ်တည်ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးနိုင်ငံကို သွားရောက်ပြီးနောက် တရက်အကြာမှာပဲ ခုလို သံချပ်ကာယာဉ်တွေပေးပို့မှု ရောက်ရှိလာတာပါ။
အမေရိကန်သမ္မတဟာ ဂါဇာကမ်းမြောင်နဲ့ သိမ်းပိုက်ခံထားရတဲ့ အနောက်ဘက်ကမ်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက် ရန်ပုံငွေသစ် ဒေါ်လာ သန်း ၁၀၀ ကိုလည်း ကတိပြုခဲ့ပါတယ်။
အစ္စရေးရဲ့ ဟားမတ်စ်နဲ့တိုက်ပွဲကို အရှိန်မြှင့်ဖို့ ကွန်ဂရက်စ်လွှတ်တော်ကနေ မကြုံစဖူး အကူအညီတွေ တောင်းခံမယ်လို့လည်း သမ္မတ ဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters