
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ကနေ ကျောက်တော်မြို့ကို ဈေးဝယ်လာတဲ့ ခရီးသည်တင် မော်တော်တစင်းဟာ ပုဏ္ဏားကျွန်းမြို့အနီးမှာ ဇွန် ၁၅ ရက် ဒီနေ့ နေ့လယ်ပိုင်းက တိမ်းမှောက်လို့ ခရီးသည် အမျိုးသမီး ၅ ယောက်အပါအဝင် ၈ ယောက် သေဆုံးကာ ၂ ယောက် ပျောက်ဆုံးနေတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေက ပြောပါတယ်။
ရသေ့တောင်မြို့နယ် မိုးစဲကျွန်းရှိ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ကို စျေးဝယ်လာတဲ့ ခရီးသည်တင် စက်လှေဟာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကင်းချောင်းမှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၅ ယောက်နဲ့ အမျိုးသား ၃ ယောက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတယောက်က “တိမ်းမှောက်မှုဖြစ်တာက ပုဏ္ဏားကျွန်းအနီးမှာ ဖြစ်တယ်။ ဘယ်လို တိမ်းမှောက်မှုဖြစ်တယ်ဆိုတာ စစ်ဆေးနေတုန်းပဲ။ သေဆုံးသူ ၈ ဦးရှိတယ်။ သေဆုံးသူတွေထဲ အမျိုးသမီး ၅ ဦးပါတယ်။ နောက်ထပ် ၂ ဦးလည်း ပျောက်ဆုံးနေသေးတယ်။ ကယ်ဆယ်ရေးတွေ လုပ်နေတုန်းပဲ” လို့ပြောပါတယ်။
အခုတိမ်းမှောက်ခဲ့တဲ့ စက်လှေမှာ ခရီးသည် စုစုပေါင်း ၃၅ ယောက် ပါဝင်လာတာဖြစ်ပြီး ၂၅ ယောက်ကို ကယ်ဆယ်နိုင်ခဲ့သလို ပျောက်ဆုံးနေတဲ့ အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက်တို့ကို ရှာဖွယ်ကယ်ဆယ်ရေးတွေ ဆက်လက် ပြုလုပ်နေပါတယ်။
လက်ရှိ ကယ်ဆယ်ထားတဲ့ သူတွေအထဲမှာ အသက်အန္တရာယ် စိုးရိမ်ရသူတွေလည်း ပါဝင်ကြပြီး ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကင်းချောင်းဟာ ကုလားတန်မြစ်နဲ့ စမ်းမတွီဒေသကို ဆက်သွယ်ထားတဲ့ ချောင်းတခုဖြစ်ပြီး မိုးရာသီမှာ တောင်ကျရေတွေနဲ့ ရေစီးသန်နဲ့ ချောင်းတချောင်းဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရခိုင်မှာဒေသခံဟာ ကမ်းရိုးတန်းဒေသဖြစ်တာကြောင့် မိုးတွင်းရာသီမှာ ရေကြောင်းခရီးတွေ သွားလာရာမှာ အထူးသတိထားကြဖို့နဲ့ သတ်မှတ် ဝန်တင်ချိန်ထက် ကျော်မတင်ဖို့ အသက်ကယ်အင်္ကျီတွေ ဝတ်ဆင်ပြီး သွားကြဖို့ကို အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရ ပို့ဆောင်ရေးဌာနက သတိပေးထားပါတယ်။
ပြီးခဲတဲ့ မေလအတွင်းကလည်း မင်းပြားမြို့နယ်မှာ ဘောလုံးကစားပြီး ပြန်လာတဲ့ စက်လှေတစင်း နစ်မြုပ်ပြီး အမျိုးသား ၁၂ ယောက် သေဆုံးခဲ့ပါတယ်။










