ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မဲ့အိုင်းမြို့နယ်ရှိ မြန်မာနယ်စပ်အနီးမှာ ဇူလိုင် ၂ ရက်က ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မူးယစ်ဆေးသယ်ဆောင်သူတွေကြား ပစ်ခတ်မှုဖြစ်ပြီး မူးယစ်ဆေးသယ်တဲ့အဖွဲ့က ၄ ယောက် သေဆုံးကာ စိတ်ကြွဆေး ၇ သိန်းခွဲကျော်နဲ့အတူ ဘိန်းဖြူနဲ့ ဘိန်းစိမ်းတွေပါ သိမ်းဆည်းရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီမတိုင်ခင်က မဲ့အိုင်းမြို့နယ်၊ မဲ့ဆောဝ်အုပ်စု၊ ဖာ့ဟုမ်ပုတ်တောင်ကြောမှာ မူးယစ်ဆေးဝါး အချီကြီး ဖြတ်သန်း သယ်ဆောင်လာဖို့ရှိကြောင်း ကြိုတင်သတင်းပေးချက်ရတာကြောင့် ထိုင်းစစ်တပ် ဖာမိုင်းစစ်ကြောင်းနဲ့ ချိုင်းယားနုဖတ်စစ်ကြောင်းက တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဇွန် ၂၅ ရက် ကတည်းက စောင့်ကြပ် စစ်ဆေးနေခဲ့တယ်။
မနေ့ မွန်းလွဲ ၂ နာရီလောက်မှာတော့ ၁၀ ယောက်မှ ၁၅ ယောက်ခန့်ရှိတဲ့ လူတစုဟာ နယ်စပ်ဘက်ကနေ နားမအင့်ရွာအနီး တောထဲ လျှောက်လာပါတယ်။ တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်ပေမဲ့ တဖက်က ရပ်မပေးတဲ့အပြင် သေနတ်နဲ့ စတင်ပစ်ခတ်တယ်၊ ဒါကြောင့် ထိုင်းစစ်တပ်ဘက်ကလည်း ပြန်ပစ်ပြီး နှစ်ဖက် အပြန်အလှန် ၅ မိနစ်ကြာ ပစ်ခတ်ကြတယ်။
အသံတွေ ငြိမ်သွားတဲ့အခါ ထိုင်းစစ်တပ်က အခင်းဖြစ်တဲ့နေရာ သွားရောက်နယ်မြေရှင်းလင်းတာမှာ ကျည်မှန်ဒဏ်ရာနဲ့ လဲကျသေဆုံးနေသူ ၄ ယောက်ကို တွေ့ရှိတယ်၊ ကျန်သူတွေကတော့ တောထဲကို ပြေးဝင် လွတ်မြောက်သွားပါတယ်။
အဲဒီအနီးတဝိုက်မှာတော့ ကျောပိုးအိတ်အသွင်ပြောင်း ဆာလာအိတ် ၁၁ အိတ် ပြန့်ကြဲနေတယ်။ အိတ်တွေကို ဖွင့်ဖောက်စစ်ဆေးရာမှာ စိတ်ကြွဆေးပြား ၇၆၀,၀၀၀၊ တထောင့်ကို အလေးချိန် ၃၅၀ ဂရမ်ရှိ ဘိန်းဖြူ ၁၁ တောင့်၊ စုစုပေါင်း ၃ ဒသမ ၈၅ ကီလိုဂရမ်၊ တထုပ်ကို အလေးချိန် ၁ ဒသမ ၆ ကီလိုဂရမ်လေးတဲ့ ဘိန်းစိမ်း စုစုပေါင်း ၂၅ ဒသမ ၆ ကီလိုဂရမ်တို့ကို ဖမ်းဆီးရမိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
တာဝန်ရှိသူတွေက ထွက်ပြေးလွတ်မြောက်သွားသူတွေကို ဆက်လက်စုံစမ်းရှာဖွေပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။
Source: MGROnline News











