DVB Logo
Home
မြန်မာသတင်း
တောင်ကြီးတွင် ရာသီဥတုအအေးဒဏ်ကြောင့် စစ်ဘေးဒုက္ခသည်များ ကျန်းမာရေးထိခိုက်
DVB
·
January 21, 2025
တောင်ကြီးတွင် ရာသီဥတုအအေးဒဏ်ကြောင့် စစ်ဘေးဒုက္ခသည်များ ကျန်းမာရေးထိခိုက်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက စစ်ရှောင်တွေဟာ ဆောင်းရာသီကာလမှာ အအေးဓာတ်ကို ခံနေရတဲ့အတွက် လေဖြတ်တာ၊ လေဖျန်းတာနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေကို ခံစားနေရတယ်လို့  စစ်ရှောင်ကူညီသူတွေဆီက သိရပါတယ်။

တောင်ကြီးမြို့နယ်ထဲက စစ်ရှောင်တွေဟာ အခုနှစ်မှာ အအေးရက်ရှည်ကြာတဲ့အပြင် စောင်နဲ့ အနွေးထည်တွေ လောက်ငမှုမရှိတဲ့အတွက် လေဖြတ်တာ၊ လေဖျန်းတာနဲ့ ဝမ်းပျက်ဝမ်းလျှောတာတွေ အဖြစ်များနေတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ပထမပတ်ကစလို့ တောင်ကြီးမြို့နယ်ထဲက ညိုးမီး၊ နားဘောင်နဲ့ လုံးကောင်း စစ်ရှောင်စခန်းတွေ အပါအဝင် စစ်ရှောင်စခန်းအများစုက ကလေး၊ လူငယ်နဲ့ လူကြီးတွေပါမကျန် ရောဂါတွေ ဖြစ်ပွားနေကြပြီး သက်ကြီးရွယ်အိုတွေဟာ အအေးဓာတ်မခံနိုင်တဲ့အတွက် လေဖြတ်တာနဲ့ လေဖျန်းတာတွေ အဖြစ်များနေတယ်လို့ ဆိုပါတယ်။

စစ်ရှောင်အရေး ကူညီနေသူတယောက်က “စောင်အရမ်းလိုအပ်နေတယ်။ စောင်တွေမရှိဘူး။ တောင်ကြီးနဲ့ အနီးတဝိုက်ဆို စောင်နည်းနည်းနဲ့ပဲ အိပ်နေရတာ။ မိုးကာထဲလည်း နေနေရတော့ အရမ်းအေးတယ်။ သက်ကြီးတချို့ဆို အရမ်းအေးတော့ ငန်းဖမ်းတာတို့၊ ပါးစပ်ရွဲ့သွားတာတို့၊ စကားမပီတော့တာတို့ ဖြစ်သွားတယ်။ လေဖြတ်တဲ့သူလည်းရှိတယ်။ ကျမ ဆန်လာလှူတော့ သူတို့တွေ ငိုပြတာ၊ ကျမလည်း ဘာမှမလုပ်နိုင်တော့လို့ တူတူပဲ ငိုခဲ့လိုက်ရတယ်။ အလှူရှင်ရှိရင် လှူပေးစေချင်ပါတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ရှောင်တွေဟာ စစ်ရှောင်စခန်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ စုပြီး နေထိုင်ကြသူတွေရှိသလို နီးစပ်ရာ တော၊ တောင်ဘက်တွေမှာ ရှောင်နေတဲ့ စစ်ရှောင်တွေလည်း ရှိပါတယ်။

စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေဟာ အကူအညီ အနည်းအကျဉ်းရပေမဲ့ တော၊ တောင်တွေဘက်မှာ ရှောင်နေရသူတွေကတော့ အကူအညီတွေမရတာ ၆ လနဲ့အထက် ရှိနေပြီလို့ ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ရှောင်စခန်း ၃၀ ကျော်ရှိပြီး စစ်ဘေးရှောင်လူဦးရေ ၆၅,၀၀၀ နဲ့အထက်ရှိကာ စောင်၊ မိုးကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး တာဝန်ရှိသူ ဆရာမနန်းလီလီက ပြောပါတယ်။

“စစ်ဘေးရှောင် အကူအညီလိုအပ်မှုလို့ပြောရင် တစုံလုံး လိုအပ်တဲ့ အခြေအနေ ရှိတယ်ပေါ့လေ။ ရှမ်းတောင်မှာဆိုရင် ခုက အကူအညီ သိပ်မရောက်တော့ဘူး။ အကူအညီ မရောက်တာလည်းကြာပြီ။ ဆိုတော့ စစ်ဘေးရှောင်ကို ကြည့်တဲ့နေရာမှာ နှစ်ပိုင်းခွဲပြီး ကြည့်လို့ရတယ်။ စုပြီးတော့ Camp မှာ နေထိုင်တဲ့ စစ်ရှောင်ရှိတယ်။ နီးစပ်ရာခြံဘက် တောင်ယာဘက်မှာ ရှောင်နေတဲ့သူ အများကြီးရှိတယ်။ Camp မှာ၊ ဘုန်းကြီးကျောင်းမှာ စုပြီး နေထိုင်တဲ့ စစ်ရှောင်တော့ အကူအညီ အနည်းအကျဉ်းရပေမဲ့ တောဘက် ခြံဘက်ရှောင်တဲ့သူတွေတော့ အကူအညီမရတာ ၄၊ ၅၊ ၆ လနဲ့ အထက်ရှိပြီ။ စားနပ်ရိက္ခာတို့၊ ရေသန့်ရှင်းမှုရရှိဖို့တို့၊ နောက်ပြီး ကျန်းမာရေးအကူအညီတို့ ဒီလိုမျိုး ဆောင်းရာသီတော့ အဝတ်အစားတို့၊ စောင်တို့ အများကြီးလိုအပ်နေတဲ့ အခြေအနေရှိတယ်” လို့ ပြောပါတယ်။

အခုတပတ်အတွင်း ရှမ်းပြည်တောင်ပိုင်းမှာ မြေပြင်စစ်ရေးတင်းမာတာနဲ့ တိုက်ပွဲဖြစ်ပွားနေတာတွေကြောင့် စစ်ရှောင်လူဦးရေလည်း တိုးလာနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ် တနှစ်တာအတွင်း ရှမ်းတောင်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀၀၊ လက်နက်ကြီးပစ်ခတ်မှု ၅,၁၆၉ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု ၂၁ ကြိမ်ရှိပြီး အရပ်သား ၁၂၉ ယောက် သေဆုံး၊ ၁၈၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013