DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက တပ်သားအသစ်များကို မူးယစ်ဆေးကျွေးပြီး ရှေ့တန်းပို့ စစ်တိုက်ခိုင်း
DVB
·
January 20, 2025
စစ်ကောင်စီက တပ်သားအသစ်များကို မူးယစ်ဆေးကျွေးပြီး ရှေ့တန်းပို့ စစ်တိုက်ခိုင်း
Donate to DVB

စစ်ကောင်စီတပ်က ရှေ့တန်းစစ်မြေပြင်ကို ပို့တဲ့ တပ်သားအသစ်တွေကို စိတ်ကြွမူးယစ်ဆေးဝါးတွေ တိုက်ကျွေးပြီး စစ်တိုက်ခိုင်းနေတဲ့အတွက် အကျအဆုံးတွေ များနေတယ်လို့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ တာဝန်ရှိသူတွေနဲ့ စစ်တပ်အသိုင်းအဝန်းကနေ သိရပါတယ်။

ပြီးခဲ့ရက်ပိုင်းက စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေက ဆီဆိုင်မြို့ အရှေ့ဘက်က ရွာတွေကို စစ်ကြောင်းထိုးလာတဲ့အတွက် PNLA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ပြည်သူ့စစ်အင်အား ၃၀ ကျော်သေဆုံးပြီး ပြန်လည်ဆုတ်ခွာခဲ့ရာမှာ ပြည်သူ့စစ်တွေကို မူးယစ်ဆေးဝါးကျွေးပြီး စစ်တိုက်ခိုင်းနေကြောင်း အထောက်အထားတွေ တွေ့ရှိရတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။

“မြေပြင်ထိုးစစ်မှာ အတင်းအကျပ် ခိုင်းစေတဲ့ သူတို့ ရက်တိုသင်တန်းပေးပြီး ခိုင်းစေတဲ့ ပအိုးဝ်ရွာသားတွေကို သူတို့ စိတ်ကြွဆေး‌ပုံစံမျိုး တိုက်ကျွေးပြီးမှ အတင်းအကျပ် တိုက်ခိုင်းတာမျိုး တွေ့နေရတယ်။ အဲဒါကြောင့်လည်း မြေပြင်မှာ အသေအပျောက်တွေ အကျအဆုံးတွေ များနေတာ တွေ့ရပါတယ်။ သူတို့ခိုင်းတဲ့အတိုင်း မလုပ်ဘူးဆိုရင် ရွာသားတွေကို ပစ်သတ်တာတွေ အဲဒါမျိုးလည်း ကျနော်တို့ သတင်းတွေ ကြားသိရပါတယ်။ အဲဒါကြောင့် ပအိုးဝ်ပြည်သူတွေ စစ်ကောင်စီနဲ့ ပြည်သူ့စစ် PNO ရဲ့ အသုံးချတာ အလူးအလဲ ခံနေရပုံရှိတာပေါ့။ တိုက်ပွဲမှာ တက်ခိုင်းပြီဆိုရင် နောက်ပြန်ဆုတ်ပြီဆိုရင် သူတို့က နောက်ကနေ ပစ်တာတို့၊ နောက်ပြန်လှည့်တာနဲ့ ပစ်တာတို့လည်း ကျနော်တို့ သတင်းတွေ ကြားရပါတယ်။”

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေ ပြောပြချက်အရ တပ်မှူးတွေကိုယ်တိုင် ကိုယ့်တပ်စိပ်က တပ်ဖွဲ့ဝင်တွေကို WY ဆေးပြားတွေကျွေးပြီး ရှေ့တက်ခိုင်းတယ်လို့ ဝန်ခံပြောထားပါသေးတယ်။

ဒါ့အပြင် ကရင်ပြည်နယ်ထဲ ၈ လကျော်ကြာ စစ်ကြောင်းထိုးနေတဲ့‌ အောင်‌ဇေယျစစ်ကြောင်းက စစ်မှုထမ်းတပ်သားအသစ်တွေကိုလည်း မူးယစ်ဆေးဝါးတွေ ကျွေးပြီး ခုခံခိုင်းထားကြောင်းကို အလင်းဝင်တပ်သားရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုလို မူးယစ်ဆေးဝါး တိုက်ကျွေးပြီး ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ခိုင်းတာကြောင့် စစ်တပ်မိသားစုဝင်တွေ ကိုယ်တိုင် စိတ်ဒုက္ခရောက်နေရကြောင်း တပ်မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“သူတို့ရဲ့ သားတယောက်ကို စစ်တပ်ထဲ ထည့်လိုက်တယ်။ အခု ရှေ့တန်းထွက်တာ ပါသွားတယ်။ အဲဒီကောင်က အရင်ကဆို ဆေးတွေဘာတွေ သုံးတတ်တာမဟုတ်ဘူး။ ရှေ့တန်းတွေ ထွက်ရတာတွေ များလာတော့ အဲဒီ ရှေ့တန်းမှာပေးတဲ့ ကျွေးတဲ့ ဆေးတွေသုံးပြီး ဆေးကြောင် ကြောင်ပြီး ဆူဆဲ အော်ဟောက်နေတာပေါ့။ သူနဲ့အတူရှိတဲ့ မိသားစုတွေကိုလည်း ကိုယ်ထိလက်ရောက် လုပ်တဲ့အခါကျတော့ စိတ်ညစ်လာတယ်၊ စိတ်ပျက်လာတယ်။ အစိမ်းရောင်မိသားစုဝင်တွေ ဖြစ်တဲ့အတွက် သူတို့ကတော့ စစ်တပ်မှ စစ်တပ်ဆိုပြီး စစ်တပ်ထဲကို ထည့်လိုက်တာ၊  အခုလိုမျိုးကျတော့ သူတို့ အရမ်းကို စိတ်ညစ်လာတာပေါ့။ သူတို့သား ဆေးစွဲပြီးတော့ ဆေးကြောင့် ပိန်ချည့်နဲ့ပြီးတော့ ဒုက္ခရောက်နေရပါတယ် ဆိုပြီးတော့ စိတ်ဆင်းရဲနေကြတာပေါ့။”

လက်ရှိမှာ စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ် စုဆောင်းတာမှာ အမှတ်စဉ် ၉ ထိ ရောက်ရှိလာပြီ ဖြစ်ပြီး စစ်ကောင်စီက တပ်သားသစ်တွေကို တိုက်ပွဲတွေမှာ ခုခံဖို့၊ ခရီးရှည် ရှေ့တန်းစစ်ချီသွားနိုင်ဖို့နဲ့ တာဝန်ချိန်တွေမှာ အိပ်မငိုက်ဖို့ စတာတွေအတွက် မူးယစ်ဆေးဝါး အသုံးပြုစေတာ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြောဆိုထားပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်တွေကို စိတ်ကြွမူးယစ်ဆေး ကျွေးပြီး စစ်တိုက်ခိုင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီသတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။ 

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013