DVB Logo
Home
မြန်မာသတင်း
နမခဌာနချုပ်က တပ်သားသစ် ၄ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်
DVB
·
January 20, 2025
နမခဌာနချုပ်က တပ်သားသစ် ၄ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်မှုထမ်းတပ်သားသစ် ၄ ယောက်ဟာ ဇန်နဝါရီ ၁၈ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာကြတယ်လို့ Union Liberation Front (ULF) စစ်ကြောင်းကနေ သိရပါတယ်။

ULF စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့ ၄ ယောက်လုံးက မုံရွာ နမခထဲမှာ လုံခြုံရေးတာဝန်ကျနေရင်း ထွက်ပြေးလာကြတာပါ။ အရပ်ဝတ်တွေလဲပြီး လိုင်းကားနဲ့ ကျနော်တို့ ယင်းမာပင်နယ်ထဲကို ရောက်လာပြီး အလင်းဝင်လာကြသူတွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျော်မျိုးထွန်း၊ စက်ပိုင်ထွန်း (ခ) ရဲရင့်ပိုင်၊ ကျော်ကျော်ဖြိုးနဲ့ အေးချမ်းဖြိုးတို့ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ တပ်မ ၇၇ လက်အောက်က အင်းတကော်မြို့အခြေစိုက် ခမရ ၁၀၅ တပ်ရင်းကနေ မုံရွာ နမခထဲကို လုံခြုံရေးတာဝန်နဲ့ ပို့ဆောင်ခံရသူတွေ ဖြစ်ပါတယ်။

ULF စစ်ကြောင်းတာဝန်ခံ ဦးဗျတ္တက “သူတို့က ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က တယောက်၊ ဧရာဝတီတိုင်းထဲက ၃ ယောက်ပါ။ နမခ ထဲကနေ သူတို့ထွက်ပြေးလာတော့ လက်နက်တွေ ပါလာကြတယ်။ ဒါပေမဲ့ တနေရာမှာ ဖွက်ထားခဲ့ကြပြီးတော့မှ ဒီဘက် ယင်းမာပင်နယ်ထဲကို လိုင်းကားတွေစီးလာကြရင်း လမ်းမှာ ကျနော်တို့ဘက်က ကင်းလှည့်တဲ့အဖွဲ့တွေနဲ့ တွေ့ကြပြီးတော့ အလင်းဝင်ချင်တယ်လို့ ပြောလာကြတာ။ သူတို့ဖွက်ထားခဲ့တဲ့ လက်နက်တွေကိုလည်း သွားယူခဲ့ကြတယ်။ တပ်ထဲမှာ မနေချင်လို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ထွက်ပြေးလာကြတာလို့ ပြောကြတယ်ဗျ။ ကျနော့်အနေနဲ့က စစ်တပ်ထဲမှာ ကျန်နေတဲ့သူတွေကိုလည်း စောစောအလင်းဝင်ရင် စောစောအသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတို့နဲ့ စောစောတွေ့ဆုံရလိမ့်မယ်လို့ မှာချင်ပါတယ်” လို့ DVB ကို ပြောပါတယ်။

အလင်းဝင်ရောက်လာကြသူတွေကို ULF စစ်ကြောင်းကပဲ နေထိုင်စားသောက်ရေးတွေ အားလုံး စီစဥ်ပေးထားပြီး လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ပေးထားသလို မိသားစုတွေနဲ့ တွေ့ဆုံနိုင်ဖို့ ကိုလည်း ဆက်လက်စီစ​ဉ် ဆောင်ရွက်ပေးသွားမယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သေနတ် ၄ လက်၊ ကျည်ဘောက် ၁၃ ခုနဲ့ ကျည် ၇၀၀ ကျော် အပ်နှံခဲ့တာကြောင့် ဆုကြေးငွေအဖြစ် တယောက်ချင်းစီကို ကျပ် သိန်း ၃၀ စီ ချီးမြှင့်ပေးအပ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013