DVB Logo
Home
မြန်မာသတင်း
ရွှေလီက အထည်ချုပ်စက်ရုံတွင် ဖိအားပေး အလုပ်စေခိုင်းခံရသဖြင့်  မြန်မာလုပ်သား ၃ ဦး တိုက်ပေါ်က ခုန်ချ
DVB
·
January 20, 2025
ရွှေလီက အထည်ချုပ်စက်ရုံတွင် ဖိအားပေး အလုပ်စေခိုင်းခံရသဖြင့်  မြန်မာလုပ်သား ၃ ဦး တိုက်ပေါ်က ခုန်ချ
Donate to DVB

မြန်မာ-တရုတ်နယ်စပ်၊ ရွှေလီက အထည်ချုပ်စက်ရုံတရုံမှာ အလုပ်ရှင်က အချိန်မတော် ဖိအားပေး အလုပ်စေခိုင်းခံရလို့ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာလုပ်သား ၃ ယောက် တိုက်ပေါ်က ခုန်ချကာ ဒဏ်ရာရပြီး ဆေးရုံတက်နေရတယ်လို့ နယ်စပ်လုပ်ငန်းရှင်တွေနဲ့ အထည်ချုပ်လုပ်သားတွေဆီက သိရပါတယ်။

နယ်စပ်လုပ်ငန်းရှင်တယောက်က “ရွှေလီက အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၃ ယောက် တိုက်ပေါ်က ခုန်ချတယ်။ အခု ဂျင်ချိန် ဆေးရုံမှာ။ မနက် ၃ နာရီထိ အလုပ်လုပ်ရတယ်။ အိမ်ပြန်ဖို့လည်း သူတို့ စရိတ်က မရှိတော့ အဲလို ဖြစ်သွားတာ” လို့ ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ ၃ ရက်လောက် ဇန်နဝါရီ ၁၇ ရက်လောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အပြင်မှာ သတင်းမပေါက်ကြားစေဖို့ စက်ရုံပိုင်ရှင်တွေက သတင်းလိုက်ပိတ်နေပေမဲ့ လူတွေက သိကုန်ပြီလို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“အလုပ်သမားတယောက် ပြောပြလို့ အခု ကျမ ရဲတွေကို မေးကြည့်တော့ သုံးရက်ရှိပြီတဲ့။”

အလုပ်သမားတွေကို ချုပ်ရမယ့် အထည်မပြည့်လို့ အလုပ်ရှင်က ဖိအားပေးပြီး ခိုင်းတာလို့ သိရပြီး ဒဏ်ရာရသွားတဲ့ လုပ်သားတွေကို လျော်ကြေးတော့ ပေးမယ်လို့ သိရပါတယ်။

အထည်ချုပ်စက်ရုံမှာ ပြောထားတဲ့အတိုင်း လစာတွေလည်း မပေးတဲ့အပြင် အချိန်ပို ဆင်းရင်လည်း အချိန်ပိုကြေး မရတော့ဘဲ တနေ့ကို အထည် ၄၀၀ ချုပ်ရတယ်လို့ အထည်ချုပ် လုပ်သားတယောက်က ပြောပါတယ်။

လစာနည်းလို့ဆိုပြီး ဆန္ဒပြတောင်းဆိုတဲ့ အလုပ်သမားတွေကို တရုတ် ယွမ်ငွေ ၄၀,၀၀၀ လျော်ကြေးပြန်တောင်းပြီး စက်ရုံပြောင်းပေးမယ်လို့ လှည့်ဖြားပြောဆိုကာ မူဆယ်ဘက် ပြန်ပို့လိုက်တယ်လို့ အလုပ်သမားက ပြောပါတယ်။

“ကျယ်ဂေါင်ရောက်တာနဲ့ ‌ပိုက်ဆံပေး၊ အခု ချက်ချင်းမပေးရင် မင်းတို့ကို အချုပ်ထဲထည့်မယ်လို့ ခြိမ်းခြောက်တယ်။ တယောက်ကို တရုတ်ယွမ် ၆,၀၀၀ ကျော်၊ ယွမ် ၆,၅၀၀ စီ လျော်ရတယ်။ အိမ်က ငွေတောင်ပြန်မှာယူရတယ်။”

တချို့က အိမ်မှာ ဘာမှမရှိလို့ အိမ်တွေ ပေါင်၊ အိမ်တွေ ရောင်းပြီး တက်လာကြတာဖြစ်ပြီး ဒုက္ခရောက်နေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ တရုတ်ဘက်က အထည်ချုပ်စက်ရုံတွေမှာ ၇ ရက်သာ သက်တမ်းရှိတဲ့ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကတ်နဲ့ မြန်မာလုပ်သားတွေကို ခေါ်ယူပြီး ခိုင်းစေနေတာပါ။

တရုတ်လုပ်ငန်းရှင်တွေက လုပ်ခလစာ ခေါင်းပုံဖြတ်တဲ့အပြင် အချိန်မတော်တဲ့အထိ ဖိအားပေး စေခိုင်းမှု ပိုမိုဆိုးရွားလာတာကြောင့် ၂ နိုင်ငံ တာဝန်ရှိသူအချင်းချင်း ညှိနှိုင်းပေးသင့်တယ်လို့ ရွှေလီရောက် မြန်မာလုပ်သားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013