DVB Logo
Home
Lead Story
သန္ဓေဆိုးကိုအမြစ်လှန်၊ ပြည်သူ့ဆန္ဒ ဦးပန်ကြ
DVB
·
January 20, 2025
သန္ဓေဆိုးကိုအမြစ်လှန်၊ ပြည်သူ့ဆန္ဒ ဦးပန်ကြ
Donate to DVB

မြန်မာပြည်သူတို့၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်သည် ယခုအခါ ၄ နှစ် ပြည့်လုနီးပြီ ဖြစ်သည်။ ပြည်သူလူထု၏ဆန္ဒကို မျက်ကွယ်ပြုကာ လက်နက်အားကိုးဖြင့် အာဏာလုခဲ့ကြသော စစ်အုပ်စုသည် ယခုအခါ စစ်ရေး၊ နိုင်ငံရေး အဘက်ဘက်မှ ရှုံးနိမ့်မှုများကို ဖာထေးပြုပြင်နိုင်ရန်အတွက် ထွက်ပေါက်ရှာရန် ကြိုးစားနေရပြီဖြစ်သည်။ ၎င်းအခြေအနေကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချရန် ကြိုးစားနေကြသော နိုင်ငံကြီးများ၊ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၊ မတရားအမြတ်ကြီးစား စီးပွားရှာလိုသော စီးပွားရေးသမားများလည်း များစွာ ပေါ်ထွက်လာနေပါသည်။

မိမိတို့ မြန်မာပြည်သားများအနေဖြင့် မိမိတို့၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ရည်မှန်းချက်ကို မမှိတ်မသုန် အာရုံစိုက်ကြရမည့်အချိန် ဖြစ်သည်။ ယခုအခါ ကိုယ်ကျိုးရှာ အတ္တသမားများသည် နည်းလမ်းအမျိုးမျိုးသုံးကာ စစ်အာဏာရှင် သက်ဆိုးရှည်ရေးကို ကာကွယ်ရန် ကြိုးစားနေကြသည်။ ပြည်သူတို့၏ လွတ်လပ်ရေး မျှော်မှန်းချက်ကို ဝေဝါးစေရန် သွေးခွဲနည်းမျိုးစုံသုံးကာ နွေဦးတော်လှန်ရေးအား ပုံဖျက်နေကြသည်ကိုလည်း သတိပြု ကာကွယ်ကြရမည် ဖြစ်သည်။

မိမိတို့ပြည်သူများ အနာဂတ် လှပသာယာ‌ရေးအတွက် စစ်အုပ်စုအား အပြီးတိုင်ဖယ်ရှားရေးမှလွဲ၍ အခြားနည်းလမ်းမရှိပေ။ ထို့ကြောင့် ယခုအချိန်ကဲ့သို့ တော်လှန်ရေးအတွက် အ‌ရေးကြီးလှသော အချိန်တွင် တော်လှန်ရေး ဦးဆောင်အဖွဲ့များနှင့် တော်လှန်ရေးသမားများ အထူးစည်းလုံးနေကြရမည် ဖြစ်သည်။ တော်လှန်ရေးဦးဆောင်အဖွဲ့များ အနေဖြင့်လည်း ပြည်သူလူထု အားကိုးယုံကြည်ထိုက်သော ဦးဆောင်မှုမျိုးကို ပြသနိုင်ရန် အမြဲပြင်ဆင် ဆောင်ရွက်နေရမည် ဖြစ်သည်။

အလုံးစုံ ပြည့်စုံကောင်းမွန်နိုင်ရန် ခက်ခဲလှသော တော်လှန်ရေးတွင် ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများ နားလည်မှုရှိရှိ အပြန်အလှန်ထိန်းကျောင်းကာ စစ်အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းနိုင်ရေး ရည်မှန်းချက်ဆီသို့ ချီတက်ကြရမည် ဖြစ်သည်။

စစ်အုပ်စုသည်လည်း ၎င်းတို့ အာဏာတည်မြဲရေးအတွက် အစွမ်းကုန်ကြိုးစားလျက်ရှိသည်။ နိုင်ငံရေးမျက်နှာပန်းလှရန် ရွေးကောက်ပွဲဖြစ်မြောက်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရေး စသဖြင့် အသံကောင်း ဟစ်ပြ၏။ တပြိုင်တည်းမှာပင် ၎င်းတို့ အလိုမပြည့်ပါက ပြည်သူလူထုအား အနိုင်ကျင့် သတ်ဖြတ်မှုများ ဆက်လက် လုပ်ဆောင်နေဦးမည်ဖြစ်သည်။ ဤသည်ကို စစ်အုပ်စု လက်လွှတ်ထားရသော ရှမ်းမြောက်ဒေသရှိ လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင်နှင့် ရခိုင်ပြည်နယ်ရှိ ကျောက်နီမော် ကဲ့သို့သော ဒေသအများအပြားတွင် အရပ်သား ပြည်သူလူထုအား ဗုံးကြဲ သတ်ဖြတ်နေသော လုပ်ရပ်များက သက်သေခံလျက်ရှိသည်။ စစ်အုပ်စုသည် ကြွက်မနိုင် ကျီမီးနှင့်ရှို့ ဟူသော အောက်တန်းကျသည့် အဖျက်သမားစိတ်ဓာတ်ဖြင့် ၎င်းတို့၏အာဏာကို အပြင်းအထန် ကာကွယ်နေပြီဖြစ်သည်။

ထိုသို့ ယုတ်မာကောက်ကျစ်လှသော ရန်သူကို ရင်ဆိုင်နေရသော တော်လှန်ရေးသမားများအနေဖြင့် အစစအရာရာ သတိရှိရှိဖြင့် ရင်ဆိုင်နိုင်မှ အောင်မြင်မည်ဖြစ်သည်။ စစ်အုပ်စုသည် တော်လှန်ရေးသမားအချင်းချင်း သွေးခွဲမှု၊ တော်လှန်ရေးအား ပုံဖျက်ဝါဒဖြန့်မှု စသော အာဏာအသက်ဆက်ရေး နည်းမျိုးစုံကို ပိုမိုအသုံးပြုလာနေ၏။ ထို့ကြောင့် တော်လှန်ရေးသမားများ အနေဖြင့်လည်း ခိုင်မြဲသောသစ္စာ၊ မှန်ကန်သော လုပ်ရပ်များဖြင့် တုံ့ပြန်ကြရမည် ဖြစ်သလို အားနည်းချက်များကိုလည်း အမြဲရှာဖွေ ကုစားနေရမည်ဖြစ်သည်။ ပြည်သူလူထုအပေါ်တွင် အမှန်တကယ် သစ္စာစောင့်သိရန်မှာ အရေးအကြီးဆုံး ဖြစ်၏။

ထို့အတူ တော်လှန်ရေးအောင်မြင်မှုနှင့်အတူ ထွက်ပေါ်လာမည့် နိုင်ငံသစ်အတွက် အခြေခံလိုအပ်ချက်များကိုလည်း ကြိုတင်ပြင်ဆင် ဖြည့်ဆည်းကြရမည် ဖြစ်သည်။ နိုင်ငံသစ်သည်ကား သဏ္ဌာန်သစ်၊ ဟန်သစ်နှင့် ထွက်ပေါ်လာမည်ဖြစ်ရာ အခြေခံလိုအပ်ချက်များ ဖြစ်သော ဒီမိုကရေစီစိတ်ဓာတ် စည်ပင်တိုးပွားရေး၊ ပညာရေး မြှင့်တင်နိုင်ရေး၊ လွတ်လပ်စွာ ပြောရေးဆိုခွင့်၊ လွတ်လပ်စွာ စီးပွားရှာခွင့် စသည်တို့ကို မြှင့်တင်ပေးနိုင်ရန် ကြိုးစားရမည် ဖြစ်သည်။ ထိုသို့ဖြင့် အပြန်အလှန် ထိန်းကျောင်းနိုင်မှု၊ ပွင့်လင်းမြင်သာမှုတို့ အားကောင်းကာ စစ်အုပ်စု၏ သွေးထိုး ဝါဒဖြန့်မှုများကို နည်းမှန်လမ်းမှန် ကျော်လွှားနိုင်မည်လည်း ဖြစ်သည်။

ဒေသအလိုက် စုစည်းညီညွတ်မှုမှသည် နိုင်ငံတဝန်းလုံး ညီညီညာညာ စုစုရုံးရုံးဖြင့် စစ်အုပ်စုကို အမြစ်ဖြတ် ချေမှုန်းနိုင်ရေး၊ စစ်အာဏာရှင်အကျင့် သန္ဓေဆိုးများပါ မြန်မာ့မြေမှ အပြီးတိုင် ဖျက်သိမ်းနိုင်ရေးသည် တိုင်းရင်းသားပြည်သူတရပ်လုံး၏ မျှော်မှန်းတောင့်တမှု အစစ်ဖြစ်ရာ တော်လှန်ရေးသမားတိုင်း မပြတ်သတိပြု ဆင်ခြင်နေရမည့် ပြည်သူ့ဆန္ဒများပင် ဖြစ်ပေသည်။ တော်လှန်ရေးသမားကောင်းမှန်လျှင် ပြည်သူ့ဆန္ဒကို ဦးထိပ်ပန်ဆင်ကာ ပြည်သူလူထု ကောင်းစားရေးကို ရှေးရှုကြရမည် ဖြစ်သည်။ သို့မှသာ ရည်မှန်းချက် ပေါက်ရောက် အောင်မြင်ပေလိမ့်မည်။

အတင်းအဓမ္မ စစ်မှုထမ်းစေခြင်း၊ အရပ်သားပြည်သူလူထုအား လေကြောင်းမှ တိုက်ခိုက်ခြင်းများဖြင့် အသက်ဆက်နေရသော စစ်အုပ်စု၏ နိုင်ငံရေးထွက်ပေါက်ရှာမှုများ၊ ပညာရှင် အမည်ခံကာ ကိုယ်ကျိုးအတွက် စစ်အုပ်စုနှင့် ပူးပေါင်းနေသော အတ္တသမားများ၊ မြန်မာပြည်အား သွေးစုပ်ခြယ်လှယ်လိုသော နိုင်ငံကြီးအချို့၏ စစ်အုပ်စုအား ကူညီထောက်ပံ့မှုများကို မိမိတို့ မြန်မာပြည်သူလူထုအနေဖြင့် မျက်ခြည်မပျက် စောင့်ကြည့်ကာ ခိုင်မာပြတ်သားသော တော်လှန်ရေးစိတ်ဓာတ်ကို အရင်းတည်ပြီး အနိုင်တိုက်ကြရမည် ဖြစ်သည်။

ထိုသို့ ပြည်သူ့ဆန္ဒကို ဦးထိပ်ပန်ဆင်ကာ တော်လှန်‌‌ရေးအင်အားစုများမှ စုစုရုံးရုံး ဆက်လက် ကြိုးပမ်းကြမည်ဆိုလျှင် မိမိတို့ ပြည်သူ့တော်လှန်ရေးသမားများ၏ ထိုးနှက်တိုက်ခိုက်မှုများကြောင့် အသက်ငင်နေသော စစ်အုပ်စုနှင့်အတူ ၎င်းတို့၏ စစ်အာဏာရှင် စနစ်ဆိုး၊ အကျင့်ဆိုး၊ စရိုက်ဆိုးများပါ မြန်မာ့မြေမှ အပြီးတိုင် ကွယ်ပျောက်နိဂုံးချုပ်သွားမည့်အချိန်မှာ မဝေးတော့ပြီ ဖြစ်ပါကြောင်း...။

ညိုသူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013