
အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံကသာ ဟော်မုဇ်ရေလက်ကြားကို စီမံအုပ်ချုပ်သွားမှာဖြစ်တယ်လို့ အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးရာမှာ အဓိကဦးဆောင်နေတဲ့ မိုဟာမက် ဘက်ဂါ ဂါလီဘတ်ဖ် ကိုယ်တိုင် အတည်ပြုပါတယ်။
ဇွန် ၂၃ ရက်မှာ အီရန်နိုင်ငံပိုင်မီဒီယာ IRNA ရဲ့ ဖော်ပြချက်အရ ဟော်မုဇ်ဆက်ဖွင့်ထားနိုင်ရေးနဲ့ လက်ဘနွန်နိုင်ငံထဲက တိုက်ခိုက်မှုတွေကို အဆုံးသတ်ဖို့အတွက် အမေရိကန်နဲ့ အီရန်တို့ကြား ဆက်သွယ်ရေး လမ်းကြောင်းတွေ ထူထောင်ဖို့ သဘောတူခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါဟာ ဆွစ်ဇာလန်နိုင်ငံမှာ ပထမဆုံးအကြိမ် နှစ်ဖက်ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် အဲဒီသဘောတူညီချက် ထွက်ပေါ်လာတာပါ။
“ကျနော့်အမြင်အရတော့ ဒီခရီးစဉ်မှာ ကောင်းမွန်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အထူးသဖြင့် ရေလက်ကြားအရေး၊ လက်ဘနွန်အရေး၊ ရေနံတင်ပို့ခွင့် ဖြေလျှော့ပေးရေးနဲ့ အပိတ်ခံထားရတဲ့ ရန်ပုံငွေ ပြန်ထုတ်ပေးရေးစတဲ့ ဆွေးနွေးမှုတွေမှာ ရလဒ်ကောင်းခဲ့တယ်” ဆိုပြီး အီရန်ညှိနှိုင်းရေးမှူး ဂါလီဘတ်ဖ်က IRNA ကို ပြောသွားပါ တယ်။
အဲဒီနောက် အီရန်လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဂါလီဘတ်ဖ်က ပိတ်ဆို့ထိန်းချုပ်ခံထားရတဲ့ ရန်ပုံငွေ ဒေါ်လာ ၁၂ ဘီလီယံကို ပြန်ထုတ်ပေးဖို့ အမေရိကန်နဲ့ ရပြီဖြစ်ကြောင်း ဖြည့်စွက်ပြောပါတယ်။
အခုလိုမျိုး ပြန်လည်ရရှိလာမဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်စိုက်ပျိုးရေးထုတ်ကုန်တွေ ဝယ်ယူဖို့အတွက်ပဲ အသုံးပြုရမယ်ဆိုပြီး သမ္မတ ဒေါ်နယ်ထရမ့်ပ်က တုံ့ပြန်ထားပါတယ်။
ဒါ့အပြင် လာမဲ့ ဩဂုတ် ၂၁ ရက်အထိ အီရန်ရေနံနဲ့ ရေနံဓာတုပစ္စည်းတွေ ရောင်းချခွင့်ပြုဖို့အတွက် အမေရိကန်ဘက်က အရေးယူပိတ်ဆို့မှုတွေကို ယာယီဖြေလျှော့ပေးမယ်လို့ ကြေညာထားပါတယ်။
ဒါပေမဲ့လည်း စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးပွဲတွေမှာ သဘောတူညီချက်မရခင်အချိန်ထက် ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုတွေဟာ ပိုမိုမြန်ဆန်လာခဲ့ကြောင်း ဖော်ပြထားပါတယ်။
တချိန်တည်းမှာ ဟော်မုဇ်နဲ့ထိစပ်နေတဲ့ အိုမန်နိုင်ငံကိုပါ ဂါလီဘတ်ဖ်က ခရီးတထောက် ဝင်ရောက်ခဲ့တယ်ဆိုပြီး IRNA ရဲ့ အစီရင်ခံချက်အရ သိရပါတယ်။










