DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် မိန်းကလေးများကိုပါ ပေါ်တာဆွဲ ငွေညှစ်လာ
DVB
·
January 19, 2025
ရန်ကုန်တွင် မိန်းကလေးများကိုပါ ပေါ်တာဆွဲ ငွေညှစ်လာ
Donate to DVB

ရန်ကုန်မြို့မှာ မိန်းကလေးတွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ပြီး ငွေနဲ့ ပြန်ရွေးရတဲ့ဖြစ်ရပ်တွေ ရှိလာတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး လမ်းသွားလမ်းလာ လူငယ်အမျိုးသားတွေကို စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်တာအပြင် အခုနောက်ပိုင်း မိန်းကလေးတွေကို ဖမ်းဆီးပေါ်တာဆွဲတဲ့ ဖြစ်ရပ်တွေ ရှိလာတာလို့ ဆိုပါတယ်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှာနေထိုင်သူတယောက်က “မနေ့က အသိညီမလေးတယောက် အပြင်က ပြန်လာပြီး ဘတ်စ်ကားပေါ်ကအဆင်း ကားမှတ်တိုင်မှာ အဆွဲခံရတယ်။ သူ့အိမ်က သိတော့ လိုက်တာ နောက်ဆုံး သိန်း ၂၀ ပေးမှ ပြန်လွှတ်ပေးလိုက်တယ်။ အဲဒီညီမလေးဆို အသက် ၂၀ ဝန်းကျင်ပဲရှိသေးတယ်။ စီးပွားရေးလည်း သိပ်အဆင်ပြေတာမဟုတ်ဘူး” လို့ ပြောပါတယ်။

စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက်အရွယ်ထဲပါတဲ့ လူငယ်အမျိုးသားတွေ ရန်ကုန်မြို့မှာ အပြင်သွားလာရင်း မိသားစုနဲ့အဆက်သွယ်ပြတ်တဲ့ ဖြစ်ရပ်တွေ အများအပြားရှိနေသလို မိန်းကလေးတွေ ပျောက်ဆုံးတာတွေလည်း ရှိလာတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

ဒါ့အပြင် စစ်မူထမ်းဥပဒေကို အကြောင်းပြပြီး ရပ်ကွက်တချို့မှာ အိမ်ထောင်စုအလိုက် လစဉ် ထည့်ဝင်ကြေး ပေးဆောင်နေကြရတယ်လို့လည်း ကိုယ်တိုင်ကြုံတွေ့ရသူတွေက ပြောပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကနောင်အိမ်ရာမှာ နေထိုင်သူတယောက်က “စစ်မှုထမ်းအသက် အကျုံးဝင်တဲ့သူရှိတဲ့ အိမ်ခန်းဆိုရင် တလ ၂၀,၀၀၀ ပေးရတယ်။ မရှိတဲ့သူအခန်းဆို ၅,၀၀၀ ပေးရတယ်။ ဒီမြို့နယ်ထဲက ရပ်ကွက်တော်တော်များများက လစဉ်ကြေးတွေ ပေးနေရတာ” လို့ ပြောပါတယ်။

အဲဒီလို စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ငွေကြေးကောက်ခံတဲ့လုပ်ရပ်ကို နယ်မြို့တွေမှာ မကြာခဏ ကြားရလေ့ရှိပြီး အခု ရန်ကုန်မြို့မှာပါ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတချို့က လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီက အသက်သွင်းလိုက်ပြီး စစ်သားစုဆောင်းတာကို အားစိုက်လုပ်လာတာ ဖြစ်ပါတယ်။

အဲဒီဥပဒေကို အကြောင်းပြပြီး ငွေညှစ်တဲ့လုပ်ရပ်တွေလည်း ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာတာကြောင့် ရန်ကုန်မြို့နေလူငယ်တွေနဲ့ မိသားစုအဖို့ စိုးရိမ်နေရကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013