DVB Logo
Home
Lead Story
MNDAA ဖမ်းဆီးထားသည့် TNLA တပ်သား ၇၀ ကျော် ပြန်လွှတ်၊ လက်နက်ခဲယမ်းများ ပြန်ပေး
DVB
·
March 25, 2026
Photo:  MNDAA 
Photo:  MNDAA 
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေ ပဋိပက္ခအတွင်း ကိုးကန့်တပ် (MNDAA)က ဖမ်းဆီးထားတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ရဲဘော် အယောက် ၇၀ ကျော်ကို ပြန်လွှတ်ပေးလိုက်သလို လက်နက်ခဲယမ်းတွေကိုလည်း ပြန်ပေးလိုက်ပြီလို့ သိရပါတယ်။

ကွတ်ခိုင်မြို့ကို MNDAA က ထိန်းချုပ်ချိန် ဖမ်းဆီးရမိခဲ့တဲ့ TNLA တပ်သား ၇၀ ကျော်ကို မနေ့ မတ် ၂၄ ရက်မှာ ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး သိမ်းဆည်းခံထားရတဲ့ လက်နက်ခဲယမ်းတွေ၊ ဒရော့ဗုံးတွေကို TNLA ဆီ ပြန်ပေးလိုက်တယ်လို့ MNDAA စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

MNDAA စစ်ရေးသတင်းအရင်းအမြစ်က”TNLA တပ်သား အယောက် ၇၀ ကျော်ပတ်ဝန်းကျင် လောက်ရှိတယ်။ ပြန်လွှတ်ပေးချိန်မှာ သူတို့ကို မေးတယ် TNLA မိခင်တပ်ရင်းကို ပြန်မလား၊ ဒါမှမဟုတ် အရပ်သားအနေနဲ့ပဲ နေမလားလို့ မေးတော့ အရပ်သားအဖြစ် နေမဲ့သူက များတယ်။ တိုက်ပွဲအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်တွေကိုလည်း အကုန်ပြန်လွှဲပေးလိုက်ပြီ။ ကားတွေလည်း ပါတယ်။ တိုက်ပွဲအတွင်းမှာပဲ တအာင်းပြည်သူ့စစ်တွေက ဝှက်ထားတဲ့ လက်နက်တွေကို ပြန်ရှာပြီး သူတို့ကိုယ်တိုင် လာအပ်တယ်။ နှစ်ဖက် ဆွေးနွေးမှုရလဒ်အရ ပြန်လွှတ်ပေးတာပါ။ ကွတ်ခိုင်မှာတော့ TNLA အုပ်ချုပ်ရေးမပါတော့ဘူး”လို့ DVB ကိုပြောပါတယ်။

အခု ပြန်လွှတ်ပေးတဲ့ TNLA တပ်သားတွေဟာ ကွတ်ခိုင်တခုတည်းက ဖြစ်ပြီးတော့ မုံးကိုးဒေသမှာ ဖမ်းဆီးထားသူတွေ မပါသေးဘူးလို့ ဆိုပါတယ်။

လက်ရှိ MNDAA ဟာ ကွတ်ခိုင်မြို့ကို ထိန်းချုပ်ထားတာဖြစ်ပြီး မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ အနီးကျေးရွာတွေကိုလည်း အာရက္ခတပ်တော်(AA)နဲ့ အတူထိန်းချုပ်ထားပါတယ်။ TNLA အလံကို မနေ့က ပြန်လွှင့်ထူပေးလိုက်ပေမဲ့ တပ်ကတော့ ပူးတွဲတပ်ထိုင်တာ မရှိတော့လို့ ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်ကနေရတဲ့ အခွန်ထဲကမှ TNLA ရသင့်ရထိုက်တာကို ပေးမယ်လို့ MNDAA ဘက်က ဆိုပါတယ်။

MNDAA နဲ့ TNLA တို့ဟာ ၄ ရက်ကြာ ဆွေးနွေးပြီးနောက် အပစ်ရပ်ရေးအပါ အချက် ၅ ချက်ကို သဘောတူခဲ့ကြပြီး လက်ရှိမှာတော့ ကွတ်ခိုင်က တိမ်းရှောင်သွားတဲ့ TNLA တပ်ဖွဲ့ဝင်တွေကို စာရင်းပေး လက်နက်အပ်ပြီး အရပ်သားအနေနဲ့ နေထိုင်ဖို့ MNDAA ဘက်က စည်းရုံးနေတာရှိပါတယ်။

ပဋိပက္ခကာလက ဖမ်းဆီးခံထားရတဲ့ TNLA တပ်သား ၁၀၀ ကျော်ကိုလည်း MNDAA က မုံးကိုးမှာ ထိန်းသိမ်းထားပြီး မိသားစုဝင်တွေ စိတ်မပူကြဖို့နဲ့ ညှိနှိုင်းမှု အဆင်ပြေရင် ပြန်လွှတ်ပေးဖို့ရှိတယ်လို့လည်း ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013