DVB Logo
Home
မြန်မာသတင်း
ငါးသိုင်းချောင်း-ဂွလမ်းခွဲတွင် လက်နက်ကြီးဖြင့် စစ်ကောင်စီတပ်စွဲ
DVB
·
January 18, 2025
ငါးသိုင်းချောင်း-ဂွလမ်းခွဲတွင် လက်နက်ကြီးဖြင့် စစ်ကောင်စီတပ်စွဲ
Donate to DVB

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်း-ဂွလမ်းခွဲမှာ စစ်ကောင်စီက လက်နက်ကြီးတွေ အထိုင်ချတပ်စွဲနေပြီး လက်နက်တွေနဲ့ နေ့ရောညပါ သွားလာနေတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေရတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၀ ရက်က စတင်တပ်စွဲတာဖြစ်ပြီး စစ်ကောင်စီတပ်အထိုင်ချထားတဲ့နေရာဟာ ရေကြည်မြို့နယ်၊ မြောက်စမ်းရွာမှာရှိတဲ့ အမြောက်တပ်ရင်း အမတ ၃၄၄ နဲ့ ငါးသိုင်းချောင်းမြို့ကြားမှာဖြစ်ပြီး အမတ ၃၄၄ ကနေ၅ မိုင်လောက်ပဲကွာဝေးတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “စစ်ကောင်စီတပ်က ငါးသိုင်းချောင်း-ဂွလမ်းဆုံနားမှာရှိတဲ့ ရေကြည်မြို့နယ်၊ ကျောက်ချောင်းကျေးရွာက သစ်ထုတ်လုပ်ရေးဝန်းထဲမှာ လက်နက်ကြီးတွေပါ အထိုင်ချ တပ်စွဲထားတာ။ သူတို့က နေ့ဘက်ရော ညဘက်ပါလက်နက်အပြည့်နဲ့သွားတာနေတာ။ ကလေးတွေဆို ဘယ်မှကို မလွှတ်ရဲဘူး၊ ဘာအလုပ်မှ မလုပ်ခိုင်းရဲတာ။ ရမ်းသမ်းပစ်ခတ်လို့ သေသွားရင် ကိုယ်ပဲ ဆုံးရှုံးရမှာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် တပ်စွဲအထိုင်ချထားတဲ့ ကျောက်ချောင်းကျေးရွာက သစ်စက်ဝန်းထဲမှာ ဝန်ထမ်းတွေနေထိုင်ခဲ့ကြပေမဲ့ စစ်တပ်အထိုင်ချချိန်မှာ ဝန်ထမ်းတွေကိုနှင်ထုတ်ခဲ့ပြီး ပြန်လည်နေရာ ချထားပေးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ဒေသခံနောက်တယောက်က “အဲဒီမှာ စစ်တပ်က တပ်စွဲထားတာ အင်အားမနည်းဘူး။ သူတို့ကင်းလှည် သွားလာတဲ့အချိန်နဲ့ လူငယ်တွေအပြင်ထွက်ရင် မသင်္ကာဘူးဆိုပြီး ဖမ်းတယ်။ အခုအများစုက အရေးကြီးကိစ္စလောက်ပဲ အပြင်ထွက်တော့တယ်။ စစ်ပွဲဖြစ်နိုင်ခြေရှိလို့ တပ်စွဲတာဖြစ်မှာပေါ့နော်။ ဒီအတိုင်းဆိုမလွယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်အထိုင်ချထားတဲ့နေရာဟာ ကျေးရွာမူလတန်းလွန်ကျောင်းနဲ့ နီးကပ်နေသလို နေ့ရောညပါ ကင်းလှည့်တာ၊ စစ်ဆေးရေးတင်းကျပ်တာတွေအပြင် လက်နက်ငယ် စမ်းသပ်ပစ်ဖောက်တာတွေလည်းရှိတာကြောင့်လည်း ကျောင်းသားမိဘတွေအပါအဝင် ဒေသခံတွေ စိုးရိမ်မှုမြင့်တက်နေကြတာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ် လာရောက်အထိုင်ချတပ်စွဲထားတဲ့ ကျောက်ချောင်းကျေးရွာအပါအဝင် အနီးတဝိုက်ကျေးရွာတွေက ဒေသခံတွေကို စစ်ကောင်စီတပ်က ကတုတ်ကျင်းမတူးဖို့၊ နေရပ်စွန့်ခွာတိမ်းရှောင်တာမလုပ်ဖို့ တားမြစ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းနဲ့ထိစပ်နေတဲ့ ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ကျောက်ဖြူ့နဲ့ မာန်အောင်မြို့ကလွဲလို့ ရခိုင်ပြည်နယ်တခုလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်တဲ့ အာရက္ခတပ်တော် AA က ဂွမြို့နယ်တခုလုံးကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ဂွမြို့ဘက်ကနေ ဧရာဝတီတိုင်းဘက်ကို ဝင်ရောက်နိုင်တဲ့ လမ်းဆုံ၊ လမ်းခွနေရာတွေမှာ စစ်ကောင်စီတပ်က လာရောက်အထိုင်ချ တပ်စွဲနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013