
မွန်ပြည်နယ်၊ ရေး-မော်လမြိုင် အမှတ် ၈ ကားလမ်းမကြီးပေါ် ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့က လုံခြုံရေးရယူပြီး ခရီးသွားကားတွေ စစ်ဆေးနေချိန် စစ်ကောင်စီလက်အောက်ခံ မီးသတ်တပ်ဖွဲ့ဝင် တပ်ကြပ်ကြီးအဆင့်ရှိသူတယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ က သိရပါတယ်။
ဇန်နဝါရီ ၁၆ ရက် မနက် ၁၀ နာရီလောက်က အမှတ် ၈ လမ်းမပေါ်မှာ ခရီးသွားယာဥ်တွေကို စစ်ဆေးနေချိန် စစ်ကောင်စီလက်အောက်ခံ လမိုင်းမြို့ မြို့မ ၂ က မီးသတ် တပ်ကြပ်ကြီးအဆင့်ရှိသူ ဆန်းဦးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရေးဘီလူး တာဝန်ရှိသူက “အမှတ် ၈ လမ်းမကြီးကို စစ်ဆေးရေး ပြုလုပ်နေတဲ့အချိန်မှာ ရေးဘက်မှာ သီလရှင်ဝတ်ထားတဲ့ သူ့ရဲ့အမေကို သွားကြိုတာဖြစ်တယ်လို့ သိရတယ်” လို့ ပြောပါတယ်။
ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့တွေက ရေး-မော်လမြိုင် အမှတ် ၈ ကားလမ်းမကြီးပေါ် စစ်ဆေးရေးတွေ လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီတပ်ဘက်က ခရီးသွားကားတွေကို သွားလာခွင့် ပိတ်ထားတယ်လို့လည်း ဆိုပါတယ်။
ရေးမြို့နယ်အတွင်း KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် စစ်ကောင်စီတပ်က လုံခြုံရေးတွေ ဖြည့်တင်းနေပြီး ကင်းပတ်တာတွေ၊ ကင်းလှည့်တာတွေကို အရင်ကထက် ပိုမိုလုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။