DVB Logo
Home
Lead Story
ရေးဘီလူးအဖွဲ့စခန်း ဗုံးကြဲခံရပြီး ရဲဘော် ၁၂ ဦး ကျဆုံး
DVB
·
May 27, 2026
Photo: ရေးဘီလူး
Photo: ရေးဘီလူး
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အခြေစိုက် လှုပ်ရှားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ဖွဲ့ (ရေးဘီလူးအဖွဲ့) ရဲ့ စခန်းတခုကို စစ်အာဏာရှင်တပ်က ဒီနေ့ မေ ၂၇ ရက် မနက်အစောပိုင်း တနာရီဝန်းကျင်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၂ ယောက်ဝန်းကျင် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က “သေတဲ့သူက ၁၂ ယောက်လောက်ရှိတယ်။ အဖွဲ့ခေါင်းဆောင်က ခရီးထွက်နေရတာနဲ့ မထိခိုက်ပါဘူး။ စခန်းမှာကျန်ခဲ့တဲ့ ရဲဘော်တချို့ ဒဏ်ရာ အပြင်းအထန်ရတာတွေ ရှိတယ်။ စခန်းကတော့ တော်တော်ထိခိုက်သွားတယ်” လို့ DVB ကို ပြောပါတယ်။

စစ်အာဏာရှင်တပ် ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေနဲ့ သူ့ကိုထောက်ခံသူတွေကတော့ စခန်းတည်နေရာ အတိအကျ ရတာကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ တယ်လီဂရမ်မှာ ရေးသားနေကြပါတယ်။

စခန်းဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရေးဘီလူးအဖွဲ့က တရားဝင် ထုတ်ပြန်အသိပေးတာ မရှိသေးပေမဲ့ အဖွဲ့ခေါင်းဆောင် ရေးဘီလူးကတော့ စခန်းအဆောက်အအုံ ပြိုကျပျက်စီးနေပုံတွေ၊ ထိခိုက်သေဆုံးတဲ့ ရုပ်အလောင်းတချို့ ပုံတွေကို သူ့ရဲ့ လူမှုကွန်ရက် အကောင့်မှာ ဒီနေ့ နေ့လယ်ပိုင်းတုန်းက တင်ထားပါတယ်။

အခြေအနေအသေးစိတ်ကို သိရဖို့ DVB အနေနဲ့ ရေးဘီလူးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

ရေးမြို့မှာ နေထိုင်သူတယောက်က “မြို့ပေါ်မှာတော့ ပုံမှန်အတိုင်း သွားလာနေကြတာပဲ။ ထူးထူးခြားခြားတော့ မရှိဘူး။ ဗုံးကြဲခံရတဲ့သတင်းက မနက်ကမှ သိရတာ။ မြို့ပေါ် စစ်ရေးအခြေအနေလည်း ပုံမှန်ပါပဲ” လို့ ပြောပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ တပ်ရင်းတခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ဟာ မွန်ပြည်နယ်တွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ အဓိက ပြုလုပ်လေ့ရှိပြီး မေ ၁၁ ရက်ကလည်း ရေးမြို့နယ်၊ လမိုင်းမြို့က စစ်အာဏာရှင်တပ်ရဲ့ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူးကို ပစ်ခတ် သုတ်သင်ခဲ့ပါတယ်။

ရေးဘီလူးအဖွဲ့ကို ၂၀၂၂ ဇန်နဝါရီလတုန်းက ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာ ၂၂ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ရဲ့ တပ်ခွဲတခုအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013