
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မရမ်းအင်းကျေးရွာမှာ အမျိုးသမီးငယ်တယောက် မုဒိမ်းကျင့် သတ်ဖြတ်ခံရပြီး တလကျော် ကြာမြင့်လာတဲ့တိုင်အောင် အရေးယူဆောင်ရွက်ပေးခြင်း မရှိသေး တာကြောင့် ထိုက်သင့်တဲ့ပြစ်ဒဏ် အမြန်ဆုံး စီရင်ချက်ချပေးဖို့ မိသားစုဝင်တွေက ဆက်လက် တောင်းဆိုနေကြပါတယ်။
ဇူလိုင် ၂၂ ရက်က မရမ်းအင်းကျေးရွာက အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်ဟာ နေအိမ်မှာ တယောက်တည်းရှိနေချိန် အသက် ၁၇ နှစ်အရွယ် ရည်းစားဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူတို့က ဓားထောက်ပြီး အင်းပတ်ကွေ့တောအတွင်းကို ဆိုင်ကယ်နဲ့ ခေါ်ဆောင်သွားခဲ့တာပါ။
အဲဒီနောက် မုဒိမ်းကျင့် သတ်ဖြတ်ပြီး ရွှေဆွဲကြိုး၊ နားကပ်နဲ့ ဖုန်းတို့ကို လုယက်ယူဆောင်ကာ အလောင်းကို စွန့်ပစ်ခဲ့ကြတာ ဖြစ်ပါတယ်။
အခင်းဖြစ်ပွားပြီး တပတ်အကြာ ဇူလိုင် ၂၈ ရက်မှာ သံသယရှိသူ ၂ ယောက်ကို ဒေသအဖွဲ့အစည်းက ဖမ်းဆီးရမိခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ ကွန်ဒုံးနဲ့ ကာမစိတ်ကြွဆေးကတ်တွေ တွေ့ရှိခဲ့ရတာကြောင့် သံသယ တရားခံတွေကို ကြိုတင်ကြံစည်မှု၊ မုဒိမ်းမှု၊ လူသတ်မှု၊ ပစ္စည်းလုယက်မှုဆိုတဲ့ အမှု ၄ မှုနဲ့ မိသားစုဝင်တွေက တိုင်ကြားထားတာပါ။
ဒါပေမဲ့ ဒေသအဖွဲ့အစည်းဘက်ကတော့ ကြိုတင်ကြံစည်မှုနဲ့ မုဒိမ်းမှုကို ချန်လှပ်ပြီး လူသတ်မှုနဲ့ ပစ္စည်းလုယက်မှု အမှု ၂ မှုနဲ့ပဲ လက်ခံစစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တလကျော် ကြာတဲ့အထိ တစုံတရာ စစ်ဆေးအရေးယူမှု မရှိသေးတာကြောင့် မုဒိမ်းကျင့် သတ်ဖြတ်ခံရသူ မိသားစုဝင်တွေက အမှု ၄ မှုလုံးနဲ့ အမြန်ဆုံး တရားစီရင်ပေးဖို့နဲ့ တရားမျှတမှု ရရှိဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
မိသားစုနဲ့ နီးစပ်သူတယောက်က “သူတို့ဘက်က အကောင်းဆုံး လုပ်ပေးမယ်၊ ပြန်သာပြန်ဆိုပြီး ဘာမှ တိတိကျကျ မပြောပါဘူး။ အလောင်းက ၇ ရက်မှ တွေ့တာဆိုတော့ ဆေးစစ်ချက် မပါလို့ ဆိုပြီး မုဒိမ်းမှုကို ထည့်မပေးပါဘူး။ မိသားစုဘက်က လျော်ကြေးငွေလည်း မလိုချင်ပါဘူး၊ အမြန်ဆုံး တရားစီရင်ပေးဖို့ပဲ လိုချင်ပါတယ်” လို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သံသယရှိသူ ၂ ယောက်ကို ထိန်းသိမ်းထားတယ်ဆိုတဲ့ ဒေသမှာ တာဝန်ရှိတဲ့ အဖွဲ့အစည်းကို DVB က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိတာကြောင့် အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်နဲ့ ပြောဆိုချက်တွေကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
လက်ရှိမှာတော့ သံသယတရားခံ ၂ ယောက်ကို အမှု ၄ မှုနဲ့ အမြန်ဆုံး တရားစီရင်ပေးဖို့ တောင်းဆိုထားပြီး ဆက်လက် ကြန့်ကြာနေဦးမယ်ဆိုရင် မိသားစုဝင်တွေနဲ့ ဒေသခံတွေ ပူးပေါင်းကာ ဒေသအဖွဲ့အစည်းကို ဆန္ဒပြ တောင်းဆိုသွားမယ်လို့ သိရပါတယ်။











