
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ရွာ နွံကန်ပြိုကျမှုမှာ လူမှုကူညီရေးအသင်းတွေက ၃ ရက်ဆက်တိုက် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့ပြီး ရုပ်အလောင်း ၃၁ လောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ရှာဖွေကယ်ဆယ်ရေးကတော့ ၁၅ ရက်နေ့ ညမှာ ရပ်လိုက်ပါပြီ။ ရုပ်အလောင်း ၃၁ လောင်း ရှာတွေ့ခဲ့တယ်။ တယောက်ကတော့ ဆေးရုံမှာ ဆုံးသွားတယ်။ ဆိုတော့ သေဆုံးသူက ၃၂ ယောက်ပေါ့။ ၁၅ ရက်နေ့ ညနေပိုင်းမှာပဲ သက်ဆိုင်ရာဘာသာအရ သင်္ဂြိုဟ်ကြတယ်။ ရှာဖွေရေးရပ်လိုက်တာကလည်း ၃ ရက်ဆက်တိုက်ရှိလာတာရော နွံကန်ပြိုတာက လမ်းပေါ်မှာ ဖြစ်နေတဲ့အတွက်ရော၊ ဖြတ်သန်းသွားလာနေကြတာဆိုတော့ ရှာဖွေရေးတော့ ရပ်လိုက်ပါပြီ။ ကြားထဲ ရုပ်အလောင်း တွေ့တာဆိုရင်တော့ ကျနော်တို့ကို အကြောင်းကြားဖို့ ဒေသခံတွေကိုတော့ ပြောထားတယ်” လို့ ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၀ နှစ်အောက် ကလေး ၄ ယောက်ပါဝင်ပြီး အသက်အငယ်ဆုံး ၂ နှစ် ကလေးအထိ ပါဝင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ အများပြည်သူ အိပ်မောကျနေတဲ့အချိန် မနက် ၁ နာရီလောက်က စွန့်ပစ်မြေစာတွေဖို့နေတဲ့ ရတနာအဓိပတိကုမ္ပဏီလုပ်ကွက်ရှိ နွံကန်ပြိုကျခဲ့တာဖြစ်ပြီး နေအိမ် ၅၀ ဝန်းကျင် ရွှံ့နွံဖုံးကာ ပျက်စီးခဲ့ရတာလည်း ဖြစ်ပါတယ်။
အဲဒီနွံကန်ဟာ ပြိုကျမှုမဖြစ်ခင်က သက်ဆိုင်ရာ တာဝန်ရှိသူတွေ မြေစာစွန့်ပစ်မှု မလုပ်ဖို့ အသိပေး ပြောကြားထားတာတွေ ရှိပေမဲ့လည်း ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေက မြေစာကို ဆက်လက်စွန့်ပစ်တာကြောင့် အခုလို ပြိုကျမှုတွေ ဖြစ်လာတာလို့ ရွာခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းတူးဖော်တဲ့မှော်အတွင်း နှစ်စဉ် မြေစာပြိုကျတာ၊ နွံကန်ပေါက်တာတွေကြောင့် သေဆုံးသူအများအပြားရှိခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ဝှေခါကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုမှာဆိုရင် ရေမဆေးရှာဖွေသူ ၁၇၀ ကျော်သေဆုံးခဲ့ပြီး အသေအပျောက် အများဆုံးဖြစ်ခဲ့ပါတယ်။











