DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် NUG ရုံးစိုက်မှာကို ကြိုဆိုသော်လည်း ဖြေရှင်းရမည့်ကိစ္စများ စောင့်ကြိုနေ
DVB
·
January 16, 2025
စစ်ကိုင်းတွင် NUG ရုံးစိုက်မှာကို ကြိုဆိုသော်လည်း ဖြေရှင်းရမည့်ကိစ္စများ စောင့်ကြိုနေ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးဌာနတွေ စစ်ကိုင်းတိုင်းထဲမှာ ရုံးစိုက်တာကို ကြိုဆိုပေမဲ့ ဖြေရှင်းရမယ့်ကိစ္စတွေက စောင့်ကြိုနေသလို စိုးရိမ်ချက်တွေလည်း ရှိနေတဲ့အကြောင်း မြေပြင်တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတို့ပါဝင်တဲ့ အညာဒေသကို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တချို့က ပြောင်းရွှေ့မယ်လို့ ကြေညာထားသလို NUG ကလည်း စစ်ကိုင်းတိုင်းမှာ ဝန်ကြီးဌာနတွေ ရုံးစိုက်မယ်လို့ ထုတ်ဖော်ပြောလာပါတယ်။

ဆုံးဖြတ်ချက်ချနိုင်တဲ့ NUG ဝန်ကြီးတွေ စစ်ကိုင်းတိုင်းထဲ ရုံးထိုင်မယ်ဆိုရင် ရှိနှင့်ပြီးသား ပသုံးလုံး ကိစ္စရပ်တွေအပြင် အုပ်ချုပ်ရေးနဲ့ သံဇာတအရေးကိစ္စရပ်တွေက စောင့်ကြိုနေကြောင်း သပိတ်အဖွဲ့ဝင်တယောက်က ပြောပါတယ်။

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက “မြေပြင်မှာရှိနေတဲ့ သူတို့ရဲ့ ယန္တရားတွေဖြစ်တဲ့ ပ သုံးလုံးတွေပေါ့။ ဒီဟာတွေရဲ့ မညီညွတ်မှုတွေ၊ လူထုနဲ့ တချို့ကိစ္စတွေ၊ တခြား တော်လှန်ရေးအင်အားစုတွေကြားထဲမှာ အငြင်းပွားတဲ့ကိစ္စတွေ၊ ဒီမိတ်ဖက် ပဋိပက္ခတွေ ရှိနေတယ်။ နောက်တခုက အခွန်ဘဏ္ဍာပေါ့နော်။ အခွန်ဘဏ္ဍာရယ်၊ သယံဇာတတွေကနေပြီး ထုတ်ယူထားတဲ့ အခွန်တွေပေါ့နော်။ အဲဒီအခွန်တွေက ဘယ်လောက်အထိ တော်လှန်ရေးထဲကို ထဲထဲဝင်ဝင် စီးဆင်းမလဲဆိုတာ အခွန်ဘဏ္ဍာကြီးကြပ်နိုင်တဲ့ ကိစ္စတွေပေါ့နော်။ အလေအလွင့်မရှိအောင် ကြီးကြပ်နိုင်တဲ့ကိစ္စတွေ၊ ဒါတွေကတော့ အများဆုံး ကြုံတွေ့ရမယ်ပေါ့” လို့ ပြောပါတယ်။

ပ သုံးလုံးဆိုတာကတော့ NUG က ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တွေကို ဆိုလိုတာဖြစ်ပါတယ်။

နောက်ထပ်ကိစ္စတခုကတော့ NUG လက်အောက်ကမဟုတ်ဘဲ တသီးတခြားရပ်တည်တဲ့ Local PDF အဖွဲ့တွေ အများအပြားရှိတာကြောင့် ပွတ်တိုက်မှုတွေ မဖြစ်စေဘဲ တပ်တွေကို စုစည်းနိုင်ဖို့လိုကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ထောက်ပြပါတယ်။

စစ်ကိုင်းအခြေစိုက် တော်လှန်ရေးသမား သျှောင်တစောင်းက “လတ်တလော ဖြေရှင်းရမှာက စစ်ကိုင်းမှာတော့ သိတယ်မှတ်လား ထုံးစံအတိုင်း Local များတယ်။ ပွတ်တိုက်မှုတွေ အရမ်းများတယ်။ ပြီးလို့ရှိရင် နိုင်ငံရေးအာဂျင်ဒါ (အစီအစဉ်) ပြောပါတော့။ နိုင်ငံရေးအာဂျင်ဒါ တခုခုပါလာခဲ့ရင် ဖက်ဒရယ်လစ်ဇင်အရ စစ်ကိုင်းကံကြမ္မာ စစ်ကိုင်းဖန်တီးဖို့ အရေးကိုပဲ လုပ်ရမယ့်အစား ဗဟိုချုပ်ကိုင်မှု ဝင်ရောက်လာခဲ့ရင်တော့ မြေပြင်တော်လှန်ရေးအဖွဲ့တွေနဲ့ ပွတ်တိုက်မှု များလာမယ်။ ဒါပေမဲ့ တဖက်မှာလည်း သူတို့အနေနဲ့ကရော မြေပြင်တော်လှန်ရေး အင်အားစုတွေ အားလုံးကို လက်တွေ့စည်းရုံးနိုင်ရင်‌တော့ အကျိုးရလဒ် များများရှိမယ်ပေါ့နော်” လို့ ပြောပါတယ်။

တဖက်မှာလည်း NUG ဟာ အစိုးရတရပ်အနေနဲ့ ပြည်သူတွေ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးနီးကပ်ကပ်နေပြီး ကွပ်ကဲမှာဖြစ်တာကြောင့် ခွဲခြားဆက်ဆံမှုတွေ မပြုဘူးဆိုရင် တချို့ကိစ္စရပ်တွေဟာ ပြေလည်သွားနိုင်ကြောင်း မတူညီတဲ့အမြင်တွေလည်း ရှိနေပါတယ်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) မှ ကိုနွေဦးက “အဲဒီ ပွတ်တိုက်မှုတွေ ဆိုတာကတော့ ကျနော်တို့ အဝေးကနေပဲ အုပ်ချုပ်နေတဲ့ကာလမှာတော့ ဒါမျိုးတွေ ရှိခဲ့တယ် ဆိုတာကတော့ မထူးဆန်းဘူးပေါ့ဗျာ။ ဒါပေမဲ့ တကယ် လက်တွေ့ကျကျ မြေပြင်ကို ရောက်လာပြီဆိုတဲ့ အချိန်ကြရင်တော့ အစိုးရတရပ်အနေနဲ့ ပီပီပြင်ပြင်နဲ့ ဖိဖိစီးစီးပေါ့နော်။ နည်းမှန်လမ်းမှန် မူဝါဒကောင်းကောင်းနဲ့ လုပ်သွားမယ် ဆိုလို့ရှိရင်တော့ ဒီဟာတွေကတော့ တော်တော်များများ လျော့ကျသွားမယ့် ကိစ္စမျိုးတွေလို့ပဲ ကျနော်ကတော့ အကောင်းဘက်ကနေပဲ မြင်မိတယ်ဗျ” လို့ ပြောပါတယ်။

စစ်ရေး၊ လုံခြုံရေးအရ စိန်ခေါ်ချက်တွေကြားကနေ NUG အနေနဲ့ ပြည်တွင်းမှာပြန်ပြီး အခြေပြုတာက လိုအပ်ချက်တခုဖြစ်ပေမဲ့ ကြားအဖြေတခုအနေနဲ့ စစ်ကိုင်း ဖက်ဒရယ်ယူနစ်အဆင့် အစိုးရတရပ် ပေါ်ထွန်းလာဖို့ တွန်းအားပေးတာမျိုး လုပ်သင့်တယ်လို့ အကြံပြုမှုတွေလည်း ရှိနေပါတယ်။

စစ်ကိုင်းနယ်ခံ နိုင်ငံရေးသမား ကိုစိုးဝင်းဆွေက “ပြည်နယ်ဖက်ဒရယ်ယူနစ်အတွင်းက စီမံခန့်ခွဲရေးရာကိစ္စရပ်တွေကို NUG ကိုယ်တိုင် မြေပြင်ဆင်းပြီးတော့ ဆောင်ရွက်လာတာမျိုးက ကျနော်တို့ တော်လှန်ရေးရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို သွားဖို့ဆိုတဲ့ ဟာမျိုးနဲ့ ကွဲလွဲလာမှာမျိုးတော့ စိုးရိမ်ချက် နည်းနည်းရှိပါတယ်။ ဒါကြောင့် တိုင်းအတွင်းက အင်အားစုတွေ စုစည်းညီညွတ်စွာ တည်‌ဆောက်ထားတဲ့ တိုင်းအစိုးရတရပ် ပေါ်ပေါက်ရေးကိုလည်း NUG အနေနဲ့က မဖြစ်မနေ တွန်းအားပေးသင့်တယ်။ ဒါဆိုရင်တော့ အခုဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို တော်တော်များများ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

NUG ပြောခွင့်ရသူတွေကတော့ ပြည်တွင်းမှာအခြေစိုက်ဖို့ စီစဉ်ရတာဟာ တော်လှန်‌‌ရေး အရှိန်အဟုန်ကို မြှင့်တင်နိုင်ဖို့၊ မဟာမိတ်ဆက်ဆံရေးတွေ ပိုအားကောင်းလာစေဖို့နဲ့ အုပ်ချုပ်ရေး၊  ပြည်သူ့ဝန်ဆောင်ရေးတွေကို ထိထိရောက်ရောက် လုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ကြောင်း မီဒီယာတွေကို ပြောထားပါတယ်။

NUG က ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်ဒေသမှာ ရုံးထိုင်မယ်ဆိုတာကို လုံခြုံရေးအရ တိတိကျကျ ထုတ်ပြောတာမရှိပေမဲ့ စစ်ကိုင်းနဲ့ မန္တလေးထဲမှာ   တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့ ၈ မြို့ရှိနေပါတယ်။

အခုကိစ္စနဲ့ပတ်သက်လို့ NUG က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းပေမဲ့ သတင်းထုတ်တဲ့အချိန်အထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013