
ဆိုမာလီယာနိုင်ငံ မြို့တော်မိုဂါဒါရှူးမှာ ဧပြီ ၂၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့တော်ရဲ့ တချို့နေရာတွေ ရေကြီးရေလျှံဖြစ်ခဲ့ပြီး၊ အဓိကလမ်းမကြီးတွေ ရေအောက်နစ်မြုပ် သွားကာ မြို့တွင်း သွားရေးလာရေးတွေလည်း အခက်အခဲ ဖြစ်ကုန်ပါတယ်။
အခုအကြိမ် မိုးအပြင်းအထန်ရွာသွန်းမှုကြောင့် အဓိက မိုးရာသီ မစခင်ကတည်းက ရှိနေတဲ့ မြို့ရဲ့ ရေနုတ်မြောင်းစနစ် အားနည်းချက်တွေက ထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။
အဓိက လမ်းမကြီးတွေ၊ လူသွားလူလာများတဲ့ လမ်းဆုံတွေမှာ ရေတွေ ဖုံးလွှမ်းသွားပြီး၊ ကားတွေနဲ့ သုံးဘီးဆိုင်ကယ်တွေ လမ်းပေါ်မှာပဲ ရပ်တန့်ကုန်ပါတယ်။
ခရီးသွားပြည်သူတွေကတော့ ခြေကျင်းဝတ်မြုပ်တဲ့အထိ တက်နေတဲ့ ရေထဲကနေ ဖြတ်သန်းသွား လာခဲ့ရပါတယ်။
မိုဂါဒါရှူးဟာ ပင်လယ်ကမ်းခြေမြို့ ဖြစ်ပေမဲ့ရေနုတ်မြောင်းစနစ် မကောင်းသလို စနစ်မကျတဲ့ မြို့ပြတိုးချဲ့မှုတွေကြောင့် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှု မကြာခဏ ဖြစ်ပေါ်လေ့ရှိပါတယ်။
လမ်းတွေ ခဏခဏ ပျက်စီးပြီး ရေနဲ့မျောပါတာမျိုးတွေ ဖြစ်တတ်လို့ ဒေသခံပြည်သူတွေရဲ့ နေ့စဉ် သွားလာမှု ပိုပြီးခက်ခဲလာပါတယ်။
ဒီရေကြီးမှု မဖြစ်ခင်မှာ အစိုးရဘက်ကလည်း ဒီအပတ်အစောပိုင်းမှာ တောင်ပိုင်း ဆိုမာလီယာဒေသ တချို့မှာ ပုံမှန်ထက် မိုးပိုများနိုင်တယ်လို့ သတိပေးထားပြီး၊ ရေကြီးနိုင်တဲ့နေရာတွေမှာ နေထိုင်သူတွေကို ကြိုတင်သတိထားကြဖို့ တိုက်တွန်းထားပါတယ်။
Source:Reuters










