
ဒီတပတ်အတွင်း ကမ္ဘာ့ရွှေဈေး ၄ ရာခိုင်နှုန်းကျော် ထပ်ကျသွားပြီး ဒီကနေ့ မေ ၁၈ ရက် မနက်ပိုင်းမှာတော့ တအောင်စကို ဒေါ်လာ ၄,၅၀၀ အောက် ရောက်ရှိသွားခဲ့ပါတယ်။
အဓိကကတော့ အရှေ့အလယ်ပိုင်း စွမ်းအင်အကျပ်အတည်းနဲ့ အမေရိကန်မှာ ငွေကြေးဖောင်းပွမှု မြင့်လာတာကြောင့် အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်း ထပ်တင်လာနိုင်တယ်လို့ ခန့်မှန်းနေကြလို့ပါ။
ဒီလို အတိုးနှုန်းတင်မဲ့ အလားအလာကြောင့် ဒေါ်လာဈေးမာလာပြီး အခုလို ရွှေဈေးကျသွားတာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ပြည်တွင်းဈေးကွက်ကို ကြည့်မယ်ဆိုရင်လည်း ကမ္ဘာ့ဈေးနဲ့အပြိုင် ဆက်တိုက်ကျဆင်းနေပြီး ရက်ပိုင်းအတွင်းမှာပဲ တကျပ်သားကို ငွေကျပ် ၂ သိန်းဝန်းကျင်လောက် ဈေးကျသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က တကျပ်သားကို ၁၀၅ သိန်းခွဲလောက် ရှိခဲ့ရာကနေ အခုဆိုရင် ၁၀၃ သိန်းခွဲဝန်းကျင်အထိ ဈေးပြန်ဆင်းလာခဲ့တာပါ။
ဒါပေမဲ့ ကမ္ဘာ့ရွှေဈေးဟာ တပတ်အတွင်း တအောင်စကို ဒေါ်လာ ၂၀၀ လောက်အထိ ထိုးကျသွားခဲ့ပေမဲ့ ပြည်တွင်းက အပြင်ရွှေပေါက်ဈေး ကျဆင်းမှုနှုန်းကတော့ နည်းနေဆဲ ဖြစ်ပါတယ်။
အဓိကကတော့ ပြင်ပဒေါ်လာဈေး မြင့်တက်နေတာရယ်၊ ပြည်တွင်းဝယ်လိုအား ဆက်လက် များပြားနေတာရယ်ကြောင့် ဖြစ်တယ်လို့ ဈေးကွက်လေ့လာသူတွေက သုံးသပ်ထားပါတယ်။










