DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် လူသတ်ဒုစရိုက်မှုများလာ၊   ပြစ်မှုကျူးလွန်သူကို ရဲက မဖမ်းနိုင်
DVB
·
January 16, 2025
ရန်ကုန်တွင် လူသတ်ဒုစရိုက်မှုများလာ၊   ပြစ်မှုကျူးလွန်သူကို ရဲက မဖမ်းနိုင်
Donate to DVB

ရန်ကုန်တိုင်းက ထောင်ထွက်လူမိုက်တွေကြီးစိုးတဲ့ မြို့နယ်တွေမှာ လူသတ်မှုတွေနဲ့ ဒုစရိုက်မှုတွေ များလာပြီး ပြစ်မှုကျူးလွန်သူတွေကိုတော့ စစ်ကောင်စီ ရဲတပ်ဖွဲ့က လုံးဝဖမ်းဆီးနိုင်ခြင်း မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာသီရိ (၆) လမ်းထိပ်နဲ့ ပေ ၈၀ လမ်းမပေါ်မှာ ဇန်နဝါရီ ၁၅ ရက် ည ၈ နာရီက တက္ကစီ ယာဉ်မောင်းတယောက် ဓားဒဏ်ရာနဲ့ သေဆုံးမှု ဖြစ်ခဲ့ပါတယ်။

ရန်ကုန်မြို့ခံတယောက်က "သာကေတ ဒေါပုံမှာ ဖြစ်တဲ့ ဓားခုတ်မှုတိုင်း ရဲကဖမ်းမိတယ်ဆိုတာ မရှိဘူး။ အခုဓားခုတ်မှုလည်းဘာကြောင့်ဖြစ်တယ်ဆိုတာ မသိပေမဲ့ မကြာခဏဖြစ်နေတော့ အပြင်သွားလာဖို့တောင် ကြောက်နေရတယ်။ ရဲကလည်း လူမိုက်ရဲ့ငွေဝယ် ကျွန်လိုဖြစ်နေတယ် "လို့ ပြောပါတယ်။

မနေ့ည ၇ နာရီခွဲလောက်ကလည်း မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်၊ သမိုင်းမြို့သစ် ၄ လမ်းမှာ တိုက် ၆ လွှာပေါ် မှာ ဓားဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းကိုတွေ့ရတယ်လို့ မြို့ခံက ပြောပါတယ်။

"ပစ္စည်းလုပြီးသတ်သွားတာလား၊ ရန်ငြိုးကြောင့် သတ်တာလားမသိပေမဲ့ ကိုယ့်အိမ်မှာကိုယ် နေတာတောင် မလုံခြုံတဲ့ဘဝဖြစ်နေပြီ။ အရင်လက  ဓားနဲ့အချက်ပေါင်းများစွာ ထိုးသတ်တဲ့အမှုတောင် တရားခံမမိသေးဘူး။"

ဇန်နဝါရီ ၅ ရက် ညနေ ၆ နာရီကလည်း ကွမ်းခြံကုန်းမြို့၊ ဝါးကောက်တောကျေးရွာလမ်းမှာ ဓားဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ အမျိုးသားတယောက်ရဲ့အလောင်းကို ဒေသခံတွေက တွေ့ရှိခဲ့ ပါတယ်။

အလားတူ ဇန်နဝါရီ ၇ ရက် မနက် ၁၁ နာရီကလည်း အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ စက်မှုဇုန်(၄)၊ ကင်းဝန်မင်းကြီးလမ်းမပေါ်မှာ ရပ်ထားတဲ့ ကားတစီးပေါ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတယောက်ရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့ပါသေးတယ်။ 

အခင်းဖြစ်ပွားတဲ့ မြို့နယ်တွေဟာ လူမိုက်ဝင်းထွဋ်ဝင်း၊ ကျင်ဟုတ်၊ အောင်ထွန်းကျော်နဲ့ တင်အေး တို့ အပိုင်တွေဖြစ်ပြီး ဒီလူတွေဟာ စစ်တပ်၊ ရဲ နဲ့ ပူးပေါင်းကာ စီးပွားရှာနေသူတွေလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဟာ နှစ်စဉ် သောင်းနဲ့ချီတဲ့ ကျဉ်းသားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးရာမှာ ခိုးဆိုးလုနှိုက်၊ လူသတ် ရာဇဝတ်မှုတွေနဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့ ထောင်ကျအကျဉ်းသားတွေက အများစု ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013