DVB Logo
Home
မြန်မာသတင်း
တောင်သာ၌ စစ်တပ်က PDF  ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ သထုံတွင် အမျိုးသား ၂ ဦးကို PDF ဆက်နွှယ်မှုဖြင့် ဖမ်းဆီး
DVB
·
January 16, 2025
တောင်သာ၌ စစ်တပ်က PDF  ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ သထုံတွင် အမျိုးသား ၂ ဦးကို PDF ဆက်နွှယ်မှုဖြင့် ဖမ်းဆီး
Donate to DVB

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ဇန်နဝါရီ ၁၄ ရက် မနက် ၂ နာရီခွဲဝန်းကျင်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက PDF ရဲဘော်တယောက်ကို ဖမ်းဆီးသတ်ဖြတ်သွားသလို အဆိုပါစစ်ကြောင်းမှာပါတဲ့ ရဲတပ်သားတယောက်ကိုလည်း လက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေက အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “ခြုံကြီးရွာကို မြင်းခြံသံမဏိစက်ရုံကနေ အင်အား ၅၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစစစ်ကြောင်းက ကျနော်တို့ဆီက ‌နေမကောင်းလို့ အနားယူနေတဲ့ ရဲဘော်တယောက်ကို ဖမ်းဆီးသွားပြီး သတ်ဖြတ်ပစ်လိုက်ကြတယ်။ အဲဒီ စစ်ကြောင်းထဲက ရဲတပ်သားတယောက်ကိုတော့ လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိထားပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက ရဲဘော်ရဲ့ ရုပ်အလောင်းကို ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ပြီး ခန္ဓာကိုယ်မှာ ဝမ်းဗိုက်အတွင်း သံချောင်းတွေနဲ့ ထိုးစိုက်နှိပ်စက်ထားတဲ့ ဒဏ်ရာတွေကို တွေ့ရပြီး ဦးခေါင်းကို သေနတ်နဲ့ပစ်ထားတဲ့အတွက် မျက်နှာတခြမ်း ပွင့်ထွက်ဒဏ်ရာတွေ တွေ့ရကာ ချက်ချင်း သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းရဲ့ တပ်ရင်းမှူးက “အဲဒီစစ်ကြောင်းက ကျနော်တို့ဆီက ရဲဘော်တယောက်ကို ဖမ်းသွားတယ်ဆိုပြီး သိရလို့ ကယ်ထုတ်ဖို့ စစ်ကြောင်းနောက်ကိုလိုက်ရင်းနဲ့ အဲဒီစစ်ကြောင်းထဲကနေ ရွာဘုန်းကြီးကျောင်းမှာ အိမ်သာတက်ရင်း ကျန်နေခဲ့တဲ့ ရဲတယောက်က အရပ်ဝတ်နဲ့ လက်နက်ခဲယမ်းတွေကို တနေရာမှာ ဖွက်ထားခဲ့ပြီးတော့ ကျနော်တို့ရဲဘော်တွေဆီကို လမ်းကြောင်းမေးရင်းကနေ ဖမ်းမိခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။

အရှင်ဖမ်းဆီးရမိတဲ့ စစ်ကောင်စီစစ်ကြောင်းက လူကွဲ မျက်စိလည်နေသူဟာ မှော်ဘီရဲတပ်ရင်း ၅ က အသက် ၂၀ ကျော် ရဲတပ်သား ဥက္ကာဖြိုး ဆိုသူဖြစ်ပြီး သူဖွက်ထားခဲ့တဲ့ G3 သေနတ် ၁ လက်၊ G3 ကျည်အတောင့် ၂၅၀၊ ကျည်ဘောက် ၄ ခု၊ ၆၀ မမ အဖူး ၁ ဖူးနဲ့ စစ်ဝတ်တန်ဆာအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်း ပြန်လည်ထွက်ခွာစဉ်မှာလည်း ခြုံကြီးကျေးရွာက ရွာခံတယောက် ဖြစ်တဲ့ အသက် ၃၀ ကျော် ကိုဟိန်းဇော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၁၄ ရက် ည ၁၁ နာရီဝန်းကျင်မှာ စက်တပ်လေထီး ၃ စီးနဲ့ ရုံးစဉ်လေးကျေးရွာထဲကို ဗုံး ၈ လုံး ကြဲချခဲ့တဲ့အတွက် စာသင်ကျောင်း အုတ်တံတိုင်းတွေ ပျက်စီးသွားပြီး နွားတကောင်လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းဆီကနေ သိရပါတယ်။

မွန်ပြည်နယ်မှာလည်း သံဖြူဇရပ်မြို့နဲ့ သထုံမြို့က လူငယ် အမျိုးသား ၂ ယောက်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF နဲ့ ဆက်နွှယ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဇန်နဝါရီ ၁၁ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

သထုံမြို့၊ ဘင်လှိုင်ရပ် သထုံ-ဘားအံ ကားလမ်းအနီးရှိ စိုက်ပျိုးရေးရုံးရှေ့မှာ ဇန်နဝါရီ ၁၁ ရက် မနက် ၁၀ နာရီခွဲခန့်က ညောင်ချောင်းကျေးရွာနေ အသက် ၁၉ နှစ်အရွယ် ရဲမြင့်ထွန်း (ခ) ဘုတ်ဘုတ်ကို စစ်ကောင်စီအဖွဲ့တွေက PDF ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာလို့ သထုံအခြေစိုက် တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ဒီကလေးက ကျနော်တို့အဖွဲ့အစည်းထဲက မဟုတ်ပါဘူး။ အရပ်သားကလေးကို ဒုက္ခမရောက်ရောက်အောင် ဆွဲထည့်တာ။ ညောင်ချောင်းဆိုတာက မော်စကိုနယ်မြေဆိုတော့ အဲဒီဘက်မှာ စစ်မှုထမ်းမစုဆောင်းနိုင်လို့ လုပ်ကွက်ပြချင်တဲ့ပုံစံနဲ့ လုပ်သွားတာ။ ကြွက်မနိုင်လို့ ကျည်ကို မီးနဲ့ရှို့တာကတော့ အောက်တန်းကျလွန်းပါတယ်။”

အလားတူ စစ်ကောင်စီတပ်ဟာ သံဖြူဇရပ်မြို့ အောင်ကုသိုလ်ရပ်ကွက် ၄ လမ်းမှာနေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် ဇော်မျိုး (ခ) ကရင်ကို ဇန်နဝါရီ ၁၁ ရက်က အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့​ပြီး အမှုဖွင့် အရေးယူခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရယ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

မွန်ပြည်နယ်မှာ စစ်တပ်က အာဏာသိမ်းမှုကာလ ရက်ပေါင်း ၁,၄၄၀ ရက်အတွင်း ကျဆုံးသူ ၇၂ ယောက်အထိ ရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ ၈၀၀ ကျော် ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်အတွင်း ၂၀၀ ကျော် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013