
ကချင်ပြည်နယ်၊ ဖားကန့်မြို့က ကျောက်စိမ်းလုပ်ကွက်တခုမှာ ဖြစ်ပွားခဲ့တဲ့ နွံကန်မြေပြိုကျမှု ဖြစ်ရပ်ဆိုးရဲ့ နောက်ဆက်တွဲ ဘေးဒဏ်သင့်ခဲ့ရသူတွေကို အကူအညီအထောက်အပံ့တွေ ပေးအပ်သွားဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နိုင်ငံတကာ အသိုက်အဝန်းကို မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စဘော့ကျေးရွာမှာ ဇန်နဝါရီ ၁၃ ရက် မနက်အစောပိုင်းက နွံကန်ပြိုကျခဲ့တာမှာ နေအိမ်ပေါင်း ၅၀ ထက်မနည်း ရွှံ့မြေတွေအောက်မှာ နစ်မြုပ်သွားခဲ့တာကြောင့် လူပေါင်း ၃၀ ကျော်သေဆုံးပြီး အများအပြား ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီရင်နင့်ဖွယ် အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဒေသခံပြည်သူတွေနဲ့ သူနဲ့ကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး ရုတ်တရက် ကပ်ဘေးဆိုက်မှုအတွင်း အသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ဆုတောင်းမေတ္တာ ပို့သပေးနေတယ်လို့ ပြောပါတယ်။
အလားတူ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာ၊ ယူကရိန်း၊ ပါလက်စတိုင်း၊ အစ္စရေးနဲ့ တခြားနိုင်ငံတွေက စစ်ရဲ့ အနိဋ္ဌာရုံတွေအပါအဝင် ဘေးဒုက္ခမျိုးစုံ ကြုံတွေ့ခံစားနေရသူတွေကိုလည်း နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မေ့လျော့မထားကြဖို့နဲ့ သူတို့အတွက်လည်း ဆုတောင်းမေတ္တာပို့သပေးကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကမ္ဘာတဝန်း ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ လူပေါင်း မရေမတွက်နိုင်အောင် သတ်ဖြတ်ခံနေရတဲ့ ကိစ္စတွေမှာ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးခြင်းအားဖြင့် အားပေးအားမြှောက် မပြုလုပ်ကြဖို့ ပုပ်ရဟန်းမင်းကြီးက လက်နက်ထုတ်လုပ်သူတွေကို အနူးအညွတ် မေတ္တာရပ်ခံထားပါတယ်။
Source: Vatican News